ရေစကြိုမြို့နယ်က Mytel တာဝါတိုင်မှ အသုံး ဝင်မည့်ပစ္စည်းများကို ကာကွယ်ရေးတပ်ဖွဲ့ သိမ်း ဆည်း
စစ်ကိုင်းတိုင်း၊ ရေစကြိုမြို့နယ်ရှိ Mytel တာဝါတိုင်မှ တော်လှန်ရေးအတွက် အသုံးဝင်မည့် ပစ္စည်းများကို ဖြုတ်ယူ သိမ်းဆည်းခဲ့ကြောင်း N-YSO ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
“ရေစကြိုမြို့နယ် မြောက်ဖက်တစ်နေရာမှာရှိတဲ့ တာဝါတိုင်ကပစ္စည်းတွေကို မနေ့က ဖြုတ်ယူသိမ်းဆည်းခဲ့တာပါ။ လတ်တလောစစ်ကြောင်းအခြေအနေရ နေရာတော့ အတိအကျမပြောတော့ပါဘူး။ ကျွန်တော်တို့အတွက် အသုံး ဝင်မယ့် ပစ္စည်းတွေကို ပြန်အသုံးပြုနိုင်အောင် ယူ ဆောင်ပြီး သူတို့ရဲ့ ထောက်တိုင်တွေကို ဖျက်ဆီးပါတယ်” ဟု N-YSO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ ဗိုလ်မုတ်ဆိတ်က ပြောသည်။
ကာကွယ်ရေးတပ်ဖွဲ့က Mytel တာဝါတိုင်ကိုဖြိုချဖျက်ဆီးဖို့ ရည်ရွယ်ခဲ့သော်လည်း အနားတွင်ရှိသည့် လူနေအိမ် နှင့် မလွတ်ကင်းခြင်းကြောင့် မဖျက်ဆီးခဲ့ဘဲ တော်လှန်ရေးအတွက် ပြန်လည်အသုံးချရန် အသုံးဝင်မည့် ပစ္စည်းများနှင့် မီးစက်နှင့် နေရောင်စွမ်းအင်သုံး ဆိုလာပြားများကိုသာ အဓိကထား ယူဆောင်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ အဖွဲ့ အခုချိန်မှာ လိုအပ်တာက ရန်ပုံငွေပါ။ ပြည်သူတွေကိုလည်း နိုင်ငံရေးအခြေအနေက ကြာလာတော့ စီးပွားရေးထိခိုက်လာပြီဆိုတော့ အားနာမိလာတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ လိုအပ်တာလေး တွေ အန္တရာယ်ရှိပေမယ့် ရန်ပုံငွေလည်း ချွေတာရင်း မအလရဲ့ ထောက်တိုင်တွေကို တိုက်ခိုက်ရင်း တချက်ခုတ် နှစ်ချက်ပြတ်လုပ်တာပါ။ ပြည်သူတွေ အားတင်းထားပါဦး ” ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ တာဝါတိုင်ကို N-YSO ပြောက်ကျားတပ်ဖွဲ့မှ တတိယအကြိမ် ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ် ဖျက်ဆီးစဉ်က တော်လှန်ရေးရဲ ဘော်တစ်ဦး နင်းမိုင်းမိပြီး ခြေထောက်တဖက် ပေးဆပ်လိုက်ရမှုရှိခဲ့ကြောင်းလည်း သိရသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က ရေစကြိုမြို့ မြစ်အရှေ့ဘက် မြောင်မြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့တွင် စစ်ကြောင်းထိုးနေပြီး ကာ ကွယ်ရေးတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။ mizzima