ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးဆိုသူများ၏ ရန်ကြောင့် ရွာလုံးကျွတ် နီး ပါး ထွက်ပြေးတိမ်းရှောင်နေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်ရှိ ပဲရင်းတောင်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးဆိုသူများ၏ ရန်ကြောင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံထံက သိရသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ပျုစောထီးဆိုသူများက ဒေသခံ ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှိူ့ဖျက်ဆီးခြင်း အစရှိသော အကြမ်းဖက်လုပ်ရပ်များကြောင့် ပဲရင်းတောင်ရွာလုံးကျွတ်နီးပါး ဧပြီလ နောက်ဆုံးပတ်မှစတင်ကာ နေအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။

ပဲရင်းတောင်ရွာတွင် အိမ်ခြေ ၁၆၀ ခန့်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေရသူ ဦးရေ ၇၀၀ ကျော် ရှိကာ သက်ကြီးရွယ်အို နှင့် လေဖြန်းထားသူ စု စုပေါင်း ၁၀ ဦးခန့်က ရွာတွင် ကျန်ရစ်နေကြောင်း ရွာခံများထံက သိရသည်။

ယင်းသို့ ရွာလုံးကျွတ်ထွက်ပြေးနေချိန်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးဆိုသူများက ပြည်သူပိုင်ပစ္စည်းများကို သိမ်းယူကာ ပြန်လည်ရောင်း ချခြင်းများပြုလုပ်နေကြောင်း၊ ရေပြာအိုင်အနီးရှိ ထင်းရှုးတောဝန်းကျင်တစ်ခုလုံးတွင် ကင်းချကာ ထင်ရှူးသစ်များကို ထုတ်ယူနေသည့်အပြင် ယူကလစ်တောတွင် ယူကလစ်ဆီများ ထုတ်ယူနေကြောင်း ရွာခံများက ဆိုသည်။

”ရွာမှာ ဘုန်းကြီးကော ရွာသားကောမနေကြတော့ဘူး။ အဲ့လို လူမနေတော့ ပျူစောထီးတွေက စစ်ခွေး( စစ်ကောင်စီ) နဲ့ပေါင်းပြီး သူတို့ စိတ် ကြိုက် တစ်ရက်ပြီးတစ်ရက် ဖောက်ထွင်းနေတာ။

စပါးတွေယူပြီး ပြည်သူတွေကို ဈေးအပေါနဲ့ ပြန်ရောင်းချနေတာဗျ။ အသားတွေလည်း ဈေးအပေါနဲ့ ပြန်ချရောင်းတယ်။ အိမ်ဆောက်ဖို့အ တွက် စုထားတဲ့ သစ်တွေဆို အတိုအထွာမကျန် အကုန်ယူလိုက်ပြီတဲ့ဗျ။ အိမ်ပေါင်း ၁၀၀ ကျော် ဖောက်ထွင်းခံရတာ။ ရွာသားတွေကတော့ ကုန်းကောက်စရာမရှိတော့ဘူးဗျ ” ဟု ရွာခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးဆိုသူများက ကျေးရွာအတွင်းရှိ နွား၊ သစ်၊ ရေမော်တာနှင့် စက်ချုပ်သင်တန်းဖွင့်ထားသည့် နေအိမ်ရှိ စက် ၁၁ လုံးကို ဖောက်ထွင်း ယူဆောင်သွားသည်ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်သည် ဧပြီလ ၁၆ ရက်က ပဲရင်းတောင်ရွာသား ၁၀ ဦး၏ မျက်လုံးကိုအဝတ်စ စည်းပြီး ရွာလယ်ဘုန်းကြီးကျောင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ၄င်းတို့ အနက်မှ ကိုးဦးကို သတ်ဖြတ်ခဲ့ကာ ကျန်တစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

စစ်တပ်သတင်းပေး ဒလန်ဆိုသူ ကိုဝင်းမြင့်၏အိမ်အနီး ဗုံးပေါက်ကွဲမှုဖြင့် ပဲရင်းတောင်ရွာနေ ဦးနေဝင်းဆိုသူကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဧပြီလ ၁၇ ရက်တွင် ဖမ်းဆီးခဲ့ပြီး ဧပြီလ ၂၂ ရက် နံနက် ၁ နာရီခန့်က စတင်၍ ဦးနေဝင်းပိုင် နေအိမ် နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အပြင် ယင်းနေ့ နံနက် ၃ နာရီတွင် ဦးဌေးအောင်ဆိုသူကို ဆန္ဒပြခေါင်းဆောင်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်က ၎င်း၏ နေအိမ်ကို မီးရှို့ဖျက် ဆီးခဲ့သည်။ ထို့ပြင် ဧပြီလ ၂၁ရက်က နေအိမ်တစ်လုံးဆောက်ရန် စုဆောင်းထားသော သစ်များကို စစ်ကောင်စီက ယူသွားပြီး ဝက်ငါးကောင်ကိုလည်း သုံးကောင်တစ်ခါ၊ နှစ်ကောင်တစ်ခါ ယူသွားကြကြောင်း ဒေသခံထံက သိရသည်။

ပဲရင်းတောင်ရွာရှိ လူနေအိမ်မီးရှိုခံရခြင်း၊ ရွာသားများ ဖမ်းဆီး သတ်ဖြတ်ခံရခြင်းများမှာ စစ်ကောင်စီသတင်းပေးပေါများသည်ဟုဆိုသော မြင်းကျဒိုးရွာမှ ဝက်သားသည်နှင့် သုံးလုံးဒိုင် ဦးဝင်းမြင့်ဆိုသူကြောင့်ဖြစ်ကြောင်း၊ သတ်ဖြတ်ခံရသူများ၏ရုပ်အလောင်းများကို သတင်းပေးဆိုသူတို့၏ကားဖြင့် သယ်ဆောင်ကြကြောင်း၊ မြင်းကျဒိုးရွာနှင့် ပဲရင်းတောင်မှာ ငါးမိုင်ခန့်ဝေးကွာကြောင်း ဒေသခံများထံက သိရသည်။

”ဝင်းမြင့်ကတော့အိမ်ထဲက အိမ်ပြင်မထွက်ဘူး။ တစ်ပတ်လောက်ရှိပြီ။ ကင်းချပြီးနေ နေပါတယ်။ ပါးစပ်သတင်းစကားက စစ်ကောင်စီက ရွာငံတောင်ပိုင်းကို သူ့ကို အပ်ထားခဲ့တယ်တဲ့။ သူ့လူတွေနဲ့ စစ်တပ်ကတော့ ရွာထဲကိုလည်း ဝင်မွှေတယ်။ ရွာထဲလာရင် သေနတ်ဖောက်ဝင်တယ်။ အပြစ်မဲ့ပြည်သူ ကိုးဦးကို သတ်တာရယ်၊ ဆွဲချင်တဲ့သူ ဆွဲတာရယ်၊ သူတို့ရွာထဲမှာနေရင်လည်း အချိန်မရွေး အသတ်ခံနိုင်ရလို့ ရွာသားတွေက ရွာကို မစွန့်ချင်ပဲ စွန့်လာခဲ့ကြရတာ” ဟု ရွာခံတစ်ဦးက ပြောသည်။

လက်ရှိ စစ်ရှောင်များ တောထဲတွင် ပုန်းအောင်းနေရကြောင်း၊ ရာသီဥတု ဆိုးရွားချိန်တွင် ပို၍ အခက်အခဲကြုံနေရကြောင်း၊ နေထိုင် စားသောက်ရေးကို နီးစပ်ရာရွာများက ကူညီပေးနေကြောင်းလည်း စစ်ရှောင်များကို ကူညီပေးနေသူများထံက သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s