အရာတော်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၅.၅၆ ကျည်ဆန်ထည့်၍ ပစ်ခတ်နိုင်သည့် မောင်းပြန် လက်နက် ထုတ်လုပ်အောင်မြင်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုသည် ၅.၅၆ကျည်ဆန် ထည့်၍ မောင်းပြန်ပစ်ခတ်နိုင်သည့် မောင်းပြန် လက်နက်အား အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်း ယနေ့ မေလ ၉ ရက်တွင် ရုပ်သံနှင့် တကွထုတ်ပြန်ခဲ့သည်။

ထိုမောင်းပြန်လက်နက်သည် မောင်းတစ်ချက်တင်ပြီး ကျည် ၁၀ တောင့်ထည့်ထားသည့် ကျည်ဘောက်ကုန်သည်အထိ ပစ်ခတ်နိုင်ကာ မီတာ ၂၀၀ ကျော်အကွာက ပစ်မှတ်ကို ထိရောက်စွာပစ်ခတ်နိုင်သည်ဟု Ayadaw Bone Naing PDF လက်နက်ထုတ်လုပ်ရေး တာဝန်ခံထံက သိရသည်။

“ကျွန်တော်တို့ အစက တစ်တောင့်ထိုးလက်လုပ်တွေလုပ်တယ်။ ပြီးတော့ Youtube က ဗီဒီယိုဖိုင်တွေကြည့်ရင်း မောင်းပြန်ကိုစပြီးထွင်တယ်ပေါ့ဗျာ။ ထွင်ရင်းထွင်ရင်းနဲ့ ကျွန်တော်တို့ ၁၀ ရက်ကျော်လောက်ကြာသွားတယ်။ စမ်းလိုက် ပြင်လိုက် စမ်းလိုက် ပြင်လိုက်နဲ့ အောင်မြင်သွားတယ်ဗျ။ ပြောင်းက မောင်းပြန်အစစ်က ပြောင်းလို မဟုတ်တော့ မောင်းပြန်အစစ်လောက်တော့မပြင်းဘူးပေါ့။ ဒါပေမဲ့ မီတာ ၂၀၀ လောက်တော့အနည်းဆုံး ပစ်နိုင်တယ်ဗျ” ဟု လက်နက်ထုတ်လုပ်ရေးတာဝန်ခံက ပြောသည်။

ထိုလက်လုပ်မောင်းပြန်အား စမ်းသပ်သည့်ကျည်ခအပါအဝင် ပစ္စည်းကုန်ကျစရိတ် လေးသိန်းဝန်းကျင်ကုန်ကျသည်ဟု သိရသည်။ သိန်းရာဂဏန်းကပ်သည့် ခေတ်မီ မောင်းပြန်လက်နက် မတပ်ဆင်နိုင်သေးသည့် တော်လှန်ရေးရဲဘော်များ အတွက်မူ ယခုကဲ့သို့ ကုန်ကျစရိတ်အနည်း ဆုံးဖြစ်သည့် ထိုလက်လုပ်မောင်းပြန် ထုတ်လုပ် နိုင်မှုသည် ကြီးမားသည့် အောင်မြင်မှုတစ်ခုပင် ဖြစ်သည်ဟု ဆိုထားသည်။

“ပိုက်ဆံရှိရင်တော့ ရှေ့ကို တော်တော်များများရောက်ပါတယ်ဗျ။ တစ်ခါတလေ ကျွန်တော်တို့မှာ ရန်ပုံငွေမရှိတဲ့အခါ လက်နက်ထုတ်တာကို ရပ်ထားရတယ်။ ထုတ်လုပ်ရေးကလည်း ထုတ်တိုင်းအောင်တာမဟုတ်တော့ ရေစုန်မျောသွားတာ မျိုးတွေ လည်းရှိတယ်။ အဲ့ဒီလိုအခါမျိုးဆို ရပ်ထားပြီး ရန်ပုံငွေ ရှာပြီးတော့ပြန်ထုတ်လုပ်ရတာပေါ့။ ပိုက်ဆံများများရှိနေပြီး စိတ်အေးလက်အေး ထုတ်လုပ်နိုင်ရင်တော့ ပိုအောင်မြင်မယ် ထင်တယ်” ထုတ်လုပ်ရေးတာဝန်ခံကပြောသည်။

Ayadaw Bone Naing PDF အနေဖြင့် တူမီးမှစတင်၍ ခါးချိုး၊ တစ်ထောင့်ထိုးရိုင်ဖယ်၊ တာဝေးပစ်လက်လုပ်လက်နက်ကြီးများကို တီထွင်ထုတ်လုပ်ခဲ့ပြီး ယခုအခါ မောင်းတစ်ချက်တင်၍ ကျည်ဆယ်တောင့်အထိ တစ်ခါတည်းပစ်နိုင်သည့် လက်လုပ် မောင်းပြန်ကို တီထွင်ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ မောင်းပြန် လက်နက်ကို စမ်းသပ်ထုတ်လုပ် အောင်မြင်ခဲ့သော်လည်း မောင်းပြန်လက်နက်များ ထပ်မံထုတ်လုပ်နိုင်ရန်အတွက် ပြည်သူများ၏ ကူညီမှုကို လိုအပ်နေကြောင်း Ayadaw Bone Naing PDF ၏ လက်နက်ထုတ်လုပ်ရေးတာဝန်ခံက ဆိုသည်။

Ayadaw Bone Naing PDF အဖွဲ့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်သို့ တပ်ရင်းအဖြစ်ဝင်ရောက်နိုင်ရန် ကြိုးပမ်း ချိတ်ဆက်လျက်ရှိပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ချပေးမည့်လက်နက်များ ကိုလည်း မျှော်လင့်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် မေလ ၆ရက်နေ့က အရာတော်မြို့နှင့် ခုနစ်မိုင်ခန့်အကွာ မလဲသာကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာကာ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s