ယင်းမာပင်မြို့နယ် ရွှေပန်းခိုင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ သေဆုံးမှုရှိဟုဆို

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ အရှေ့ဘက် ရှစ်မိုင်ခန့် အကွာရှိ ရွှေပန်းခိုင် ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များက မေလ ၈ ရက် ညနေပိုင်း ၃ နာရီအချိန် ခန့်တွင် စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၁၀ ဦးခန့် သေဆုံးနိုင်ပြီး၊ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာ နိုင်ခဲ့ကြောင်း ဒေသခံ ပကဖ အဖွဲ့ဝင် တစ်ဦးကဆိုသည်။
”တိုက်ပွဲက မေလ ၈ ရက် နေ့ ညနေပိုင်း ၃ နာရီက စတယ် ၊ ညနေပိုင်း ၇ နာရီ လောက် မှာ ဟိုဘက်ဒီဘက် အပစ်ရပ်သွားကြတယ် ၊ တိုက်ပွဲ ကြာချိန်က လေး နာရီလောက်အထိ ကြာသွားတယ် ၊ ကျနော်တို့ ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ ဘက်က အဖွဲ့ပေါင်းစုံ ပါဝင်ပြီး ရဲဘော်အင်အား ၃၀၀ ကျော်လောက်အထိ ဝိုင်းပြီး တိုက်ခိုက်ခဲ့ကြတာ၊ စစ်ကောင်စီ တပ်သား ၁၀ ဦး အထက်မှာ သေဆုံး ရှိနိုင်တယ်” ဟု ဒေသခံ ပကဖ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ယင်းမာပင် မြို့နယ်၌ ရွှေပန်းခိုင်ကျေးရွာတွင် စစ်ကောင်စီ တပ်သားများ၏ စစ်ရေးလှုပ်ရှားမှု ကြောင့် ကျေးရွာခုနစ်ရွာခန့်က ဒေသခံပြည်သူ များ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။mizzima