Monthly Archives: May 2022

ကချင်အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌကို မြစ်ကြီးနားအကျဉ်းထောင်သို့ လွှဲပြောင်း

ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC)ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လကို နေပြည်တော်အကျဉ်းထောင် မှ မြစ်ကြီးနားအကျဉ်းထောင်သို့ မေ လ ၉ ရက်နေ့တွင် လွှဲပြောင်းကြောင်း KNC ပါတီထံက သိရသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုဗိုလ်မှုးကြီး သန်းထိုက်က တရာလိုပြုလုပ်၍ မြစ်ကြီးနားမြို့ အမှတ် (၁) မြို့မရဲစခန်းတွင်စွဲဆိုထားသည့်အမှုကိုရင်ဆိုင်ရန် အာဏာသိမ်းစစ်ကောင်စီ၏ အစီအစဥ်ဖြင့် မြစ်ကြီးနား မြို့သို့ ယမန်နေ့က ရောက်ရှိလာခြင်း ဖြစ်သည်။

ကချင်အမျိူးသားကွန်ဂရက်ပါတီ (KNဥက္ကဋ္ဌဒေါက်တာ အမ်ကောန်လသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် နေပြည်တော်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး ယခုနှစ် မတ်လ ၂၃ နေ့ရက်တွင် နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် တရားရုံးက ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် နှစ်နှစ် ပြစ်ဒဏ် ချမှတ်ခဲ့သည်။

ထို့အပြင် ဒေါက်တာအမ်ကောန်လသည် မြစ်ကြီးနားမြို့ အမှတ် (၁) မြို့မရဲစခန်းတွင်လည်း ပုဒ်မ ၅၀၅ (က) ဖြင့် ယမန်နှစ် သြဂုတ်လ ၂၆ ရက်နေ့က ထပ်မံ၍ အမှုဖွင့် စွဲဆို ခံထားရသည်။

ဒေါက်တာအမ်ကောန်လကို မြစ်ကြီးနား မြို့နယ်တရားရုံးတွင်လွဲပြောင်းမှု ပြီးဆုံးပြီးနောက် မြစ်ကြီးနား အကျဉ်းထောင်တွင်း၌သာ ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ပြီး မြစ်ကြီးနား အကျဉ်ထောင်တွင်းမှ နေ၍ စွဲဆိုထားသည့်အမှုကို ဆက်လက်ပြီးရင်ဆိုင်ရမည်ဖြစ်ကြောင်း ကချင်အ မျိုးသားကွန်ဂရက်ပါတီက သတင်းထုတ်ပြန် ထားသည်။ mizzima

ရွှေဘို ကုလားမလက်ကောက်ကျ ရွာကို မီးရှို့ ခဲ့သော စစ်တပ် စစ်ကြောင်း ဒရုန်းဖြင့် ဗုံးကျဲ ခံရပြီး စစ်သား ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကုလားမလက်ကောက်ကျရွာကို မီးရှို့ ဖျက်ဆီးခဲ့သော စစ်တပ် စစ်ကြောင်းကို မေလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ကျောက်ခွဲတောင်ပေါ်၌ ရောက်ရှိနေစဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့​ပြီး စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း မီးနဂါး ပျောက်ကြား တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၀က်လက် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(အနောက်ခြမ်း)၊ ရွှေဘိုခရိုင် တပ်ရင်း( ၁ )၊နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မီးနဂါးပျောက်ကြားတပ်ဖွဲ့ Fire Dragon ၊ Shwebo Justice Force မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် စစ်သား ၃ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက အ ထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ khit thit

အင်းတော်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်မှာ မေ ၁၀ မနက်ပိုင်းက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က စစ်ကောင်စီ ယာဉ်တန်းကို  မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေး မြစ်ကြီးနား ကားလမ်း အင်းတော်နဲ့ ကျောင်းကုန်းအကြားမှာ စစ်ကောင်စီ ယာဉ်တန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မနက် ၅ နာရီလောက်က စစ်ယာဉ်တန်း ဖြတ်သွားတယ်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က စစ်ကားတွေကို မိုင်းဆွဲခဲ့တာ။ မိုင်းပေါက်ကွဲသံ တွေ သေနတ်သံတွေကြားရတယ်။ အင်းတော်နဲ့ ကျောင်းကုန်းအကြားမှာ မိုင်းပေါက်ကွဲတာ။ လူအသေအပျောက် ရှိမရှိတော့ ကျနော်မသိရဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း ထီးချိုင့်ဘက်ကနေ ကချင်ပြည်နယ်ကို စစ်အင်အားဖြည့်ဖို့ တက်လာတဲ့  စစ်ကောင်စီ ကားရှစ်စီးကို အင်းတော်နဲ့ကျောင်းကုန်းကြားမှာ လေးနေရာ  မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကားအတွင်းကို ဗုံးတလုံးပစ်သွင်းခဲ့တယ်လို့ Indaw Revolution -IR က ထုတ်ပြန်ထားပါတယ်။

ကားတစ်စီး မိုင်းထိမှန်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ကျဆုံးမှုများနိုင်ကြောင်း အင်းတော် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်  Indaw Revolution – IR က ဆိုပါတယ်။

စစ်ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ DVB

မအူပင်မြို့ရှိ ကျန်းမာရေး ကြီးကြပ်နှင့် ဇနီးကို သေမင်းလက်ရာအဖွဲ့ သတိပေး

ဧရာဝတီတိုင်း၊ မအူပင်မြို့ရှိ ကျန်းမာရေး ကြီးကြပ် ဝန်ထမ်းနှင့် ၎င်း၏ ဇနီးဖြစ်သူတို့ကို သေမင်းလက်ရာ အဖွဲ့က မေလ ၉ ရက်နေ့တွင် သတိပေးစာ ထုတ်ပြန်သည်။

မအူပင်ဆေးရုံ၌ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးကြီးကြပ် (၁) ကိုဗညားထွန်းနှင့် ဇနီးဖြစ်သူ မခင်ဝင်းမြင့်တို့၏ စစ်ကောင်စီ သ တင်းပေး လုပ်ရပ်များကြောင့် ဖမ်းဆီးခံရသူ အများအပြား ရှိလာသဖြင့် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သေမင်းလက်ရာ တပ်ဖွဲ့တာဝန်ခံ ဗိုလ်လက်ဝဲက ပြောသည်။

“အဲဒီ လင်မယားက အစပိုင်းမှာ CDM လုပ်သေးတယ်ဗျ။ ပြီးတော့မှ Non-CDM ပြန်လုပ်ပြီး ဟိုလူ့ကို သတင်းပေးဖမ်းခိုင်း ၊ ဒီလူ့ကို သ တင်းပေးဖမ်းခိုင်းတွေ လုပ်နေတာပါ။ CDM လုပ်ထားဖူးတော့ ဘယ်သူက CDM ဘယ်သူက ဘာလုပ်တယ် ဆိုတာကို အဲ့ဒီ လင်မယားက တော် တော်များများ သိနေတာ။ သူတို့ကြောင့် အဖမ်းခံရတာတွေ များလာလို့ သတိ ပေးတာပါ”ဟု ဗိုလ်လက်ဝဲက ပြောသည်။

သေမင်းလက်ရာ တပ်ဖွဲ့သည် ဖျာပုံမြို့နယ်၊ ကျုံကျိုက် ကျေးရွာရှိ ရဲသတင်းပေးဟု နာမည် ကြီးနေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအေးကိုနှင့် ၎င်း၏ ဇနီးဖြစ်သူကို ဧပြီလ ၂၄ ရက်နေ့တွင် သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ စစ်ကောင်စီ သတင်းပေးနှင့် ရဲသတင်းပေး ဆက်လုပ် နေသူများကို ပြင်းပြင်ထန်ထန် တိုက်ခိုက်သွားမည်ဟု ဗိုက်လက်ဝဲက ဆိုသည်။ mizzima

တိုက်ပွဲဖြစ်မည်ကို ကွတ်ခိုင် ကာလိုင်ဇွပ်အောင် စစ်ရှောင်များ စိုးရိမ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ထဲက ကာလိုင်ဇွပ်အောင် စစ်ရှောင်ရွာနားမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက ဖေဖော် ဝါရီလ ကတည်းကနေ စစ်ရှောင်ပြည်သူတွေ ရွာတည်ထားတဲ့ စစ်ရှောင်ရွာပတ်ဝန်းကျင်မှာ တပ်စခန်းပြုလုပ်ပြီး နေထိုင်နေတာကြောင့် တိုက်ပွဲတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

စစ်ရှောင်ရွာနဲ့ အနီးပတ်ဝန်းကျင်တွေမှာ ကချင်လွတ်မြောက်ရေးတပ်တော်၊ တအာင်းလွတ်မြောက်ရေးတပ်မတော်တို့ရှိနေပေမဲ့ ကိုးကန့်လက် နက်ကိုင်တပ်ဖွဲ့ (MNDAA) တပ်သားတွေက စစ်‌ရှောင်ရွာထဲထိ နေထိုင်ခဲ့တာတွေရှိခဲ့သလို စစ်‌ရှောင်ရွာနဲ့ အနီးပတ်ဝန်းကျင်မှာ ရှိနေသေးတာကြောင့် စစ်ကောင်စီစစ်တပ် စစ်ကြောင်းထိုးလာရင် တိုက်ပွဲတွေဖြစ်ပွားမှာကို စိုးရိမ်တယ်လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

“ရွာပတ်ဝန်းကျင်မှာတော့ ပလောင်ကော၊ ကချင်ကော၊ ကိုးကန့်ကောရှိတယ်။ အခုက ကိုးကန့်တပ်ဖွဲ့တွေက ရွာထဲမှာလာပြီး တပ်စခန်းချသလိုမျိုး လာနေတာတွေရှိတယ်၊ လာနေလိုက်ပြန်သွားလိုက်ပဲ။ လွန်ခဲ့တဲ့တပတ်လောက်ကပဲ ရွာထဲကနေတော့ ပြန်ထွက်သွားပြီး ဒါပေမဲ့ ရွာနဲ့နီး ကပ်တဲ့နေရာတွေမှာ ရှိနေသေးတယ်။ ဟိုစစ်တပ်(စကစ) တွေရောက်လာရင် တိုက်ပွဲတွေ ဖြစ်လာမှာစိုးရိမ်နေတယ်။ ဒီရွာက စစ်ရှောင်စခန်းတွေမှာ နေတာ အဆင်မပြေလို့ ဒီမှာပြန်ပြီး နေရာချပြီး နေထိုင်နေတဲ့ စစ်ရှောင်ရွာဆိုတော့ တိုက်ပွဲဖြစ်လာရင် ထပ်ပြီး ထွက်ပြေးရမှာတွေ ကြောက်နေရတယ်။ စစ်တပ်က လက်နက်ကြီးကျတာတွေ၊ ရွာမီးရှို့တာတွေ ဖြစ်မှာစိုးတယ်။” 

စစ်ရှောင်ပြည်သူတွေနေထိုင်နေတဲ့ ကာလိုင်ဇွပ်အောင်ရွာစစ်ရှောင်ရွာကပြည်သူတွေဟာ ၂၀၁၂ ခုနှစ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကွတ်ခိုင်မြို့နယ် နားချမ်ဒေသကနေ ကွတ်ခိုင်မြို့ကို တိမ်းရှောင်နေထိုင်နေခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ နေရပ်မပြန်နိင်သေးတာကြောင့် ကောင်းခါးပြည် သူ့စစ်တွေကနေ မြေနေရာတောင်းယူပြီး နေထိုင်နေတဲ့ စစ်ရှောင်ရွာဖြစ်တယ်လို့ သိရပါတယ်။

စစ်ရှောင်ရွာ ပတ်ဝန်းကျင်တွေမှာ ရောက်ရှိနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ပြည်သူတွေကို အသိမပေးခွင့် မတောင်းဘဲ နေအိမ်တွေမှာရှိနေတဲ့ ပစ္စည်းတွေကိုလည်း မကြာခဏ ယူသွားတာတွေရှိတယ်လို့ စစ်ရှောင်ရွာက အမျိုးသမီးကပြောပါတယ်။

“သူတို့တွေက ခွင့်တောင်းတာတွေလည်း မရှိဘူး။ အိမ်မှာရှိတဲ့ ဆန်တွေ၊ အစားအသောက်တွေကိုလည်း သူတို့ယူချင်သလို ယူသွားတယ်၊ သူတို့ လိုအပ်တဲ့ပစ္စည်းဆိုရင် ညအချိန်လည်း လာယူသွားတယ်၊ ဇွန်းတွေကအစပေါ့။ ပြောပြီး၊ ခွင့်တောင်းပြီး ယူတယ်ဆိုရင်တော့ ကျမတို့ စိတ်ချမ်းသာသေးတာပေါ့” လို့ပြောပါတယ်။

စစ်ရှောင်ရွာပတ်ဝန်းကျင်တွေမှာ MNDAA တပ်ဖွဲ့တွေ တပ်စခန်းချလှုပ်ရှားနေတာနဲ့ပတ်သက်ပြီး MNDAA ပြောရေးဆိုခွင့်ရသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလိုင်း အခက်အခဲကြောင့် အဆက်အသွယ် မရဖြစ်နေပါတယ်။ 

သတင်းရင်းမြစ်တွေအရ ကာလိုင်ဇွပ်အောင် စစ်ရှောင်ရွာပတ်ဝန်းကျင်တွေမှာ MNDAA ကိုးကန့်တပ်ဖွဲ့တွေ စခန်းချလှုပ်ရှားနေတာတွေရှိတယ် လို့ သိရပါတယ်။

ကာလိုင်ဇွပ်ဂျာစစ်ရှောင်ရွာမှာ နေထိုင်နေတဲ့ပြည်သူတွေဟာ ကွတ်ခိုင်မြို့နယ် နားဆိုင်‌ကျေးရွာအုပ်စုထဲက ကျေးရွာပေါင်း ၁၀ ရွာမှာနေထိုင်ခဲ့တဲ့ ပြည်သူတွေဖြစ်ပြီး ၂၀၁၂ ခုနှစ်ကတည်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ပြည်သူတွေ ဖြစ်ပါတယ်။ လက်ရှိအချိန် စစ်ရှောင်ရွာမှာ အိမ်ထောင်စု ၂၀၀ ဝန်းကျင်နေထိုင်နေတာပါ။ DVB

တနင်္သာရီမြို့ နယ် ထုံခါတိုက်ပွဲတွင် ကျဆုံးခဲ့သည့် CDM ရဲဘော်အတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်

မြိတ်ခရိုင် ၊ တနင်္သာရီမြို့နယ် ရေဖြူ စစ်ဗျူဟာစခန်းနှင့် သုံးမိုင်ခန့် အကွာရှိ ထုံခါ အကျဥ်းစခန်းကို ပြည်သူ့ ကာကွယ်ရေး အဖွဲ့က ဝင်ရောက် စီးနင်းစဉ် ကျဆုံးခဲ့သည့် ရဲဘော် PK (CDM) အတွက် ဝမ်းနည်းကြောင်း ပြည်သူ့ကာကွယ်ရေးတပ် (မြိတ်ခရိုင်)၊ တပ်ရင်း (၂) T-3 ဇုန်းက ထုတ်ပြန်သည်။

အဆိုပါ အကျဉ်းစခန်းကို ပြီးခဲ့သည့် မေလ ၈ ရက်နေ့တွင် ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း ရဲဘော် PK (CDM) ကျဆုံးစဉ် စစ်ကောင်စီတပ်နှင့် PDF တို့ အပြန် အလှန် ပစ်ခတ်နေခြင်းကြောင့် အလောင်းကို သယ်ယူနိုင်ခြင်း မရှိ၍ မိသားစုနှင့် တပ်ရင်း ရဲဘော် အားလုံးက ဝမ်းနည်းကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်မတော် (မြိတ်ခရိုင်)၊ တပ်ရင်း(၂) T-3 ဇုန်းက ထုတ်ပြန်ထားသည်။

အလားတူ ဘုတ်ပြင်းမြို့နယ် ရတနာပုံ ကျေးရွာတွင် မေလ ၅ ရက်နေ့က ဖြစ်သည့် တိုက်ပွဲအတွင်း ပြည်သူ့ ကာကွယ်ရေး တပ်သားတစ်ဦး ကျဆုံးခဲ့သည်ဟု PDF (Myeik)က ထုတ်ပြန်ထားသည်။

ကျဆုံးသွားသူမှာ ရဲဘော် ဖစု ဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်မတော် (မြိတ်ခရိုင်)တပ်ရင်း (၂) သယ်ယူ ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေးဌာန တာဝန်ခံ တစ်ဦးလည်း ဖြစ်သည်။

ဘုတ်ပြင်းမြို့နယ်၊ ရတနာပုံ ကျေးရွာတွင် မေလ ၅ ရက်နေ့က တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ခြောက်ဦး သေဆုံးခဲ့သည်။ mizzima

ရေစကြိုရှိ ကျေးရွာ ၅ရွာကို စစ်တပ်က ဆက် တိုက် မီးရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ ဘုန်းတော်ပြည့်၊ ဘိုကုန်း၊ မဲကုန်း၊ ဖြုံဘူးနှင့် မိဖုရား ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း နယ်မြေခံ သတင်းရင်းမြစ်များ ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် ဘုန်းတော်ပြည့်၊ ဘိုကုန်း၊ မဲကုန်း၊ဖြုံဘူးနှင့် မိဖုရား ကျေးရွာများကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို ပစ်ခတ်ခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရပြီး ကျေးရွာအတွင်းရှိ ပျက်စီး ဆုံးရှုံးမှုများနှင့် ပြည်သူ များ ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဖြစ်သည့် သိန်းငှက် ပြောက်ကျားတပ်ဖွဲ့ကလည်း အကြမ်း ဖက် စစ်တပ်က ကျေးရွာများကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ပြည်သူများ ကြိုတင် တိမ်းရှောင်ကြရန် သတိပေး ထုတ်ပြန်ထားသည်။ khit thit

ရခိုင်ပြည်နယ်က မွတ်ဆလင်ကျောင်းသားများ တက္ကသိုလ်နေ့သင်တန်း ပြန်တက်ခွင့်ရ

၁၀ နှစ်ကြာ တက္ကသိုလ် နေ့သင်တန်း တက်ရောက်ခွင့် ဆုံးရှုံးနေကြတဲ့ ရခိုင်ပြည်နယ်က မွတ်ဆလင်ကျောင်းသားတွေ  ရက္ခိုင်ပြည်ကျောင်း သားသမဂ္ဂရဲ့ ကြားဝင်းညှိနှိုင်း ဆောင်ရွက်ပေးမှုတွေကြောင့် အခုနှစ်မှာ  တက္ကသိုလ် နေ့သင်တန်းဝင်ခွင့် ပြန်လည်ရရှိခဲ့တယ်လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ တာဝန်ရှိသူတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်ဆလင် ကျောင်းသားတွေဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် လူမျိုးရေးပဋိပက္ခ တွေကြောင့် လုံခြုံရေးအကြောင်းပြချက်တွေနဲ့ တက္ကသိုလ် နေ့သင်တန်းတက်ရောက်ခွင့် ဆုံးရှုံး နေကြတာဖြစ်ပြီး အဝေးသင် ကန့်သတ်မေဂျာတချို့သာ တက်ရောက်ခွင့်ရရှိကာ အခုနှစ်မှသာ နေ့သင်တန်းပြန်လည် တက်ရောက်ခွင့်ရရှိတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ လူမျိုးမရွေး ဘာသာမရွေး ပညာသင်ကြားခွင့် ရရှိစေချင်တဲ့ မူဝါဒ ရှိတာကြောင့် ကျောင်းတက်ခွင့်ရရှိအောင် ပူးပေါင်းဆောင်ရွက်တာလို့ ရက္ခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂ ဗဟိုဦးဆောင်ကော်မတီဝင် ကိုကျော်နိုင်ဌေးက ပြောပါတယ်။

“ကျနော်တို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ရခိုင်ပြည်မှာရှိတဲ့ လူအဖွဲ့အစည်းတွေ လူမျိုးမရွေး၊ ဘာသာမရွေး အားလုံးပညာရေးကို တက်ရောက်ခွင့် ပညာသင်ကြားခွင့်ဆိုတဲ့ ကျနော်တို့ လက်ခံထားတယ်။ မူဝါဒအရကြောင့် လက်ရှိ ဝိဇ္ဇာ၊ သိပ္ပံဆိုတဲ့ နေ့သင်တန်း တက္ကသိုလ်ကို သူတို့လည်း တက်ရောက်ချင်ကြပြီး ဒီနှစ်မှာ အစိုးရကလည်း ဝင်ခွင့်လျောက်လွှာတွေမှာ ချပေးထားတော့ ကျနော်တို့က ပူးပေါင်းပြီး ဆောင်ရွက်ပေးတာပါ”လို့ပြောပါတယ်။

အခု တက္ကသိုလ် နေ့သင်တန်း တက်ရောက်ခွင့် ရရှိတာက လူမျိုးတွေကြားမှာ သဟာဇာတ ဖြစ်စေပြီး ငြိမ်ချမ်းရေးကို ကောင်းမွန်စေနိုင်တယ်လို့  မွတ်ဆလင်ကျောင်းသားတဦးဖြစ်တဲ့ ကိုဇော်မင်းထွန်းက ပြောပါတယ်။

“အခုလို ၁၀ နှစ်လောက်တက်ခွင့်မရတဲ့ တက္ကသိုလ် နေ့သင်တန်းတက်ခွင့် ပေးတာက တော်တော်လည်းကို ဝမ်းသာစရာဖြစ်တယ်။ နောက်တခုက တက္ကသိုလ် တခုတည်းမှာ အခုလို လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ တက်ခွင့်ရတော့ လူမျိုး တမျိုးနဲ့ တမျိုးကြားမှာ ပိုပြီး သဟဇာတ ဖြစ်စေနိုင်ပြီး ငြိမ်းချမ်းရေဘက်ကို သွားနိုင်ရင် ပိုကောင်းလာနိုင်တယ်” လို့ ပြောပါတယ်။ 

မွတ်ဆလင် ကျောင်းသားတွေကို ကျောင်းတက်ခွင့် ပေးလိုက်တာက နိုင်ငံတကာဖိအားတွေကြောင့် ဖြစ်နိုင်တယ်လို့ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်အမတ်ဟောင်း ဦးခင်မောင်လတ်က သုံးသပ်ပါတယ်။

“ဒီကိစ္စက သဘောရိုးတော့ဖြစ်နိုင်တယ်။ ဒါပေမဲ့ နောက်ကွယ်မှာ နိုင်ငံတကာ ဖိအားတော့ရှိနိုင်တယ်။ အမြဲတမ်းလည်းရှိနေတာပဲ။ အဲဒါကြောင့် အလိုက်သင့် ကိုက်ညီအောင်လုပ်တာလည်း ဖြစ်နိုင်တယ်။ အခုက ရခိုင်မှာရှိတဲ့ နှစ်ဖက်စလုံးက မွတ်ဆလင်တွေပဲ စည်းရုံးနေကြတာဖြစ်တယ်။ ရခိုင်တွေ သွားနေတဲ့ လမ်းကြောင်းနဲ့တော့ သိပ်မလွဲဘူး” လို့ပြောပါတယ်။

၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်ပြီးနောက် ရခိုင်ပြည်နယ်က မွတ်ဆလင် ကျောင်းသားတွေ တက္ကသိုလ် နေ့သင်တန်း တက်ရောက်ခွင့်မရှိဘဲ အဝေသင်သင်တန်းအဖြစ် မြန်မာစာ၊ သမိုင်းနဲ့ ပထဝီဝင် ၃ ဘာသာကိုသာ တက်ရောက်ခွင်ေရရှိပြီး အစိုးရက မွတ်ဆလင်ကျေးရွာတွေမှာ စင်တာတွေ ဆောက်လုပ်ကာ သင်ကြားပေးမှုတွေ ရှိခဲ့တယ်လို့ မွတ်ဆလင်ကျောင်းသားများက ပြောကြ ပါတယ်။

၂၀၂၂ ခုနှစ် တက္ကသိုလ်နေ့သင်တန်းကို မေ ၁၂ ရက်မှာ ဖွင့်လှစ်သွားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာက ထုတ်ပြန်ထားပါတယ်။ DVB

သပိတ်ကျင်းမြို့ စုပေါင်းရုံးနှင့် ရဲကင်းစခန်းအား TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးခွဲ တိုက်ခိုက်

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့ ကွက်သစ်ရပ်ကွက်ရှိ စုပေါင်းရုံးဝန်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မေလ ၁၀ ရက် ယနေ့နံနက် ၈ နာရီဝန်းကျင်က စုပေါင်းရုံးဝန်းအတွင်းရှိ မြို့တော်ခန်းမနှင့် စည်ပင်ရုံး အနီးတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

“ ဒီမနက် ၈ နာရီလောက်က အုံး ဆိုတဲ့အသံအကျယ်ကြီး ကြားလိုက်ရတာ။ အချိန်က နည်းနည်းစောနေ တော့ လူအထိအခိုက်ရှိမယ် မထင်ဘူး။ စည်ပင်ရုံးအဆောက်အဦးအမိုးတွေတော့ ပေါက်ထွက်ကုန်တယ်” ဟု အမည်မဖော်လိုသည့် မြို့ခံတစ်ဦးကပြောသည်။

“ စုစုပေါင်း ဗုံးသီး သုံးလုံးချတာ။ ပထမတစ်လုံးက စုပေါင်းရုံးထဲမှာချတာ ကွဲတယ်ဗျ။ မြို့မရဲကင်းစခန်းမှာ ချတဲ့နှစ်လုံးက ဗုံးသီး error တတ်ပြီး မကွဲလိုက်ဘူး” ဟု တောဆင်းရိုင်းပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့အနေဖြင့် သပိတ်ကျင်းမြို့နယ်အတွင်းတွင် စစ်ရေးအရှိန်မြှင့် လုပ်ဆောင်သွားမည်ဟုလည်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သပိတ်ကျင်းမြို့ပေါ်တွင် ယခုကဲ့သို့ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ပြီးခဲ့ သော ဧပြီလ ၁၆ ရက်နေ့ကလည်း ချောင်းကြီးရဲကင်းစခန်းအား TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ကဗုံးခွဲတိုက်ခိုက်ခဲ့သေးသည်။ mizzima

မိုးညို ဒေသခံ ၆ ဦးကို စစ်ကောင်စီတပ် ဖမ်း ဆီး

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်ထဲက ကျေးရွာတရွာက ဒေသခံရွာသား ၆ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး လူ  ၂၀ ကျော်ကို ဖမ်းဆီးဖို့လိုက်လံရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မိုးညိုမြို့နယ်ထဲက ဆုံကုံးကျေးရွာအုပ်စု၊ ပြေ့ဇင်ကုန်း ကျေးရွာက ဒေသခံ ၆ ယောက်ကို  ဧပြီ ၈ ရက်နေ့ ညမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက လာဖမ်းသွားတာလို့ ပြေ့ဇင်ကုန်းကျေးရွာ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်က ပြေ့ဇင်ကုန်း ကျေးရွာမှာ အသံဗုံးပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ  PDF အဖွဲ့တဖွဲ့နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ပြေ့ဇင်ကုန်းကျေးရွာ ဒေသခံက  “အဲ့ဒီကိစ္စတွေဖြစ်ပြီးတော့ အဲနေ့ညမှာပဲ လိုက်ဖမ်းတာ။ ကိုခင်စိုး၊ ကိုဆွေလင်းနိုင်နဲ့ သူ့ဇနီး မလွင်မာ၊ ကိုသန်းဌေး၊ ကိုကျော်ဇင်ဦး၊ ဗျော့ကြီးတို့ ၆ ယောက်ကို သူတို့နေရာအိမ်တွေကနေလာပြီး ဖမ်းသွားတာ။ ဘာအတွက်နဲ့ ဖမ်းတယ်ဆိုတာတော့ မသိရသေးဘူး။ ရေကင်းရဲစခန်းကတောင်မသိဘူး၊ စစ်ကောင်စီတပ်က တိုက်ရိုက်ဖမ်းသွားတာ။ ဒါပေမဲ့ ရဲစခန်းကနေ ထပ်သိလိုက်ရတာက နောက်ထပ် ၂၆ ယောက် ထပ်ဖမ်းဖို့ ရှိတယ်။” 

အဲ့ဒီနေ့ ညနေပိုင်းမှာလည်း ပြေ့ဇင်ကုန်းကျေးရွာက ကျောင်းဆရာမတယောက် သမီးရဲ့ မင်္ဂလာဆောင်မှာ ခိုက်ရန် ဖြစ်ပွားခဲ့တာကြောင့် ရဲတပ်ဖွဲ့က ဝင်ရောက်ရှင်းလင်းရာမှာ ရဲတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရရှိသူ ရဲတပ်သားက ရေကင်းအလယ်ရွာသား  ကို‌ဝေလင်းဖြစ်ပြီး မိုးညိုဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ ဆေးရုံဝန်ထမ်းတယောက်က ပြောပါတယ်4

မိုးညိုမြို့မှာ ဒလန်သတင်းပေးကြောင့် စစ်ကောင်စီတပ်က ဖမ်းဆီးတာတွေ ပြုလုပ်နေပြီး တချို့ကို ငွေကြေးတောင်း ပြန်လွှတ်ပေးတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“အခု ဖမ်းထားတဲ့သူတွေတော့ ဘယ်လိုလုပ်မလဲမသိဘူး။ ဟိုနေ့က တိုက်ပွဲကြောင့်ဆိုရင်လည်း အဲ့ဒီလူတွေက ဒီရွာကတယောက်မှ မဟုတ်ကြဘူး၊ ဒီရွာက ဟုတ်ရင်လည်း ဘယ်ရှိကြတော့မလဲ။ သူတို့က ထင်ကြေးတွေ၊  ဒလန်တွေ သတင်းပေးလို့ လျှောက်ဖမ်းနေတာ။ အရင်တုန်းကလည်း ၇ ယောက်လောက်ဖမ်းသေးတယ်။ နောက်တော့ တယောက်ကို ၁၀ သိန်းကနေ သိန်း ၃၀ အထိ ပေးတော့ ပြန်လွှတ်ပေးလိုက်တယ်။ အခုလဲ ပိုက်ဆံလိုချင်လို့ လုပ်တာပဲဖြစ်မယ်။ နောက်  အဲ့ဒီတုန်းက ဖမ်းပြီး သတင်းတင်ရင် ပြန်မလွှတ်ဘူးဆိုလို့ ဘယ်သတင်းဌာနကိုမှ မပြောရဲကြဘူး။ နောက်တော့ ငွေပေးတော့ ပြန်လွှတ်ပေးတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးထားသူတွေကိုတော့ ဘယ်ကိုခေါ်သွားမှန်း မိသားစုကမသိရဘဲ ထပ်မံဖမ်းဆီးဖို့ ရှိနေတယ်ဆိုတဲ့ သတင်းကြောင့် ဒေသခံတချို့ ထွက် ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ DVB

« Older Entries