ရန်ကုန်တွင် ငွေကျပ် ၁၀၀၀ ဖြင့်ရောင်းချသည့် တားမြစ်အသားချောင်းများ စားသုံးသဖြင့် လူ၅၀ခန့် အစာအဆိပ်သင့်

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ရွာသာကြီးရပ်ကွက်၊ရွာသာကြီးဘူတာအနီးမှ ကလေး၊ လူကြီး လူဦးရေ ၅၀ ခန့်သည် မေ ၉ ရက် ညပိုင်းက တားမြစ်ထားသည့် အသားချောင်းများစားမိ၍ အစာအဆိပ်သင့်ခဲ့ကြောင်း သိရသည်။
စားသုံးမိသူများသည် ရွာသာကြီးဘူတာအနီးတွင် ယာယီနေထိုင်ကြသူများဖြစ်ပြီး အသားချောင်းများကို မေ ၉ ရက်နေ့ ညနေ ၅နာရီခန့်က တစ်ထုပ်လျင် ငွေကျပ်တစ်ထောင်ဖြင့် လာရောက်ရောင်းချ၍ ဝယ်ယူစားသုံးခဲ့ကြရာမှ ယခုကဲ့သို့ အစာအဆိပ်သင့်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
“အသားချောင်းတွေစားမိပြီး လူကြီးကလေး ၅၀ လောက်အော့အန်ပြီး သတိလစ်ကြတဲ့ အတွက် ဆေးရုံကိုပို့ပေးလိုက်ရတယ်။ အဲ့ဒီထဲက ၄ ယောက်လောက်ကတော့ စိုးရိမ် ရတယ်” ဟု ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရသည့် ပရဟိတအသင်းတစ်ခုက မဇ္ဈိမ ကို ပြောသည်။
အစာအဆိပ်သင့်သူများသည် နှုတ်ခမ်းများ၊ အသားများပြာ၍ မူးဝေအော့အန်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။ လက်ရှိအချိန်တွင် အစာအဆိပ်သင့်သူများကို သင်္ဃန်းကျွန်း စံပြဆေးရုံနှင့်ရန်ကင်းကလေးဆေးရုံတို့သို့ ပို့ဆောင်ထားသည်။
မဇ္ဈိမမှရရှိသော ဓါတ်ပုံများအရ ၎င်းတို့ စားမိခဲ့သော အသားချောင်းသည် ပြီးခဲ့သည့် လပိုင်းများအတွင်းက အစာအဆိပ်သင့်မှုကြောင့် စားသုံးရန်မသင့်ဟု ကြေညာထား သည့် ကြက်တံဆိပ် အမှတ်အသားပါ လုချင်း(ရေခဲစိမ်အသားတု)ချောင်းများ ဖြစ်သည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းကလည်း ရှမ်းပြည်နယ်သီပေါမြို့နယ်နှင့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်တို့တွင် အဆိုပါ အသားချောင်းများကို စားသုံးမိ၍ အစာအဆိပ်သင့် မှုဖြစ်ပွားခဲ့သေးသည်။
လူမှုကွန်ရက်စာမျက်နှာများမှ ရရှိသော အချက်အလက်များအရ အလားတူဖြစ်ရပ်မျိုး အများအပြားဖြစ်ပွားခဲ့သည်ကိုတွေ့ရပြီး အဆိုပါအ သားချောင်းစားသုံးမှုကြောင့် အစာ အဆိပ်သင့်၍ သေဆုံးခဲ့ရသူများလည်းရှိခဲ့သည်။
မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ၉ရက်နေ့တွင် အဆိုပါအမှတ်တံဆိပ်ကို စားသုံးခြင်းမပြုရန်နှင့် ရောင်းဝယ် ဖောက်ကားသူများကိုလည်း ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။ mizzima