ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား ၃ ရက်အတွင်း တိုက်ပွဲတွင် စစ်သား ၁၇ ဦးခန့်သေဆုံး၊ အကြမ်းဖက်စစ်တပ်က ဒေသခံ ၃၀ ခန့်ကို စစ်ဝတ်စုံများဝတ်ခိုင်းပြီး လူသားဒိုင်းပြုလုပ်နေ
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် မေလ ၅ ရက်မှ ၇ ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့၊ ဝက်လက်အခြေစိုက် တော်လှန်ရေးအဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၇ ဦးသေခန့် သေဆုံးကြောင်း၊ ဒေသကာ ကွယ်ရေးမဟာမိတ်တပ်ဖွဲ့များဘက်မှ ၃ ဦး ကျဆုံးပြီး ၂ ဦး ပျောက်ဆုံးနေကြောင်း သိရှိရသည်။
မေလ ၅ ရက်နေ့တွင် ရွှေဘိုမြို့နယ် အရှေ့ခြမ်း၊ ကျောက်မြောင်းမြို့နယ်ခွဲ၊ ဟင်္သာကြီးကျေးရွာနှင့် ကုလားမလက်ကောက်ကျကျေးရွာဘက်သို့ အင်အား ၅၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာပြီး ဟင်္သာကြီးကျေးရွာကို မီးရှို့ဖျက်ဆီးကြောင်း၊ ယင်းနောက် ကုလားမလက် ကောက်ကျကျေးရွာဘက်သို့ အလာတွင် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ရာ စ်သား ၁၀ ယောက်ခန့်သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိကြောင်း နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။
ထိုနေ့ ညနေပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ကုလားမလက်ကောက်ကျကျေးရွာကို မီးရှို့ဖျက်ဆီးပြီး စခန်းချခဲ့ကြောင်း၊ မေလ ၆ ရက်နေ့တွင်
မန်ကျည်းသုံးပင်ရွာဘက်သို့ ထိုးစစ်ဆင်လာချိန် ဒေသကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များက ဆီးကြိုပစ်ခတ်ရာ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးခန့်သေဆုံးကြောင်း၊ စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုကြောင့် ပြန်လည်ဆုတ်ခွာလာခဲ့ကြောင်း သိရှိရသည်။
၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့သည် ရွှေဘိုနှင့် ဝက်လက် အစပ်ရှိ ဟင်္သာကြီးရွာ၊ ကုလားမလက်ကောက်ကျရွာ၊ မန်ကျည်းသုံးပင်ရွာ၊ ပုလဲသွယ်ရွာ၊ ထနောင်းသာရွာကို မီးရှို့ဖျက်ဆီးသွားကြောင်း အကြမ်းဖက်စစ်သားများ သတ်ဖြတ်မှုကြောင့် အနည်းဆုံး အပြစ်မဲ့ ပြည်သူ ၃ ဦးသေဆုံးကြောင်း နတ်တောင်နဂါးအဖွဲ့ဝင်တဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ယမန်နေ့ မေလ ၉ ရက်နေ့ ညနေပိုင်းတွင် အင်အား ၅၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ရွာသား ၃၀ ခန့်ကို ဖမ်းဆီးပြီး စစ်ဝတ်စုံများ ဝတ်ခိုင်းကာ လူသားဒိုင်းအဖြစ် အသုံးချနေကြောင်းလည်း နတ်တောင်နဂါးအဖွဲ့ထံမှ သိရှိရသည်။
“၉ ရက်နေ့ ညနေ ကျောက်မြောင်းဘက်က ထပ်တိုးလာတဲ့ စစ်ကြောင်းက ရွာသား ၃၀ လောက်ကို ဖမ်းခေါ်လာပြီး သူတို့အဝတ်စားတွေဝတ်ပေးပြီး ရှေ့ကလမ်းလျှောက်ခိုင်းပြီး လူသားဒိုင်း အသုံးချနေတာ၊ ရွှေဘိုနဲ့ ဝက်လက်နယ်စပ်က ရွာသားအားလုံး ထွက်ပြေးနေရတယ်။ ရွာပေါင်း ၆ ရွာလောက်က ရွာသားတွေ ပြေးနေရတယ်” ဟု နတ်တောင်နဂါးအဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ khit thit