အဓိပ္ပာယ်ပြည့်ဝသည့် တွေ့ဆုံဆွေးနွေးမှုကို ဖော်ဆောင်ရန် တော်လှန်ရေးတပ်ဖွဲ့များ တိုက်တွန်း

စစ်ကောင်စီ၏ လက်ရှိထိုးစစ်ဆင်နေမှုများအား အမြန်ဆုံး ရပ်တန့်ပြီး ပါဝင်သင့်၊ ပါဝင်ထိုက်သော အစုအဖွဲ့များအားလုံး ပါဝင်ပြီး အဓိပ္ပါယ်ပြည့်ဝသည့် တွေ့ဆုံဆွေးနွေးမှုမျိုးကို ဖော်ဆောင်ရန် စစ်ကောင်စီကို တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များက ပူးတွဲကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်သည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်မှုအပေါ် ကရင်အမျိုးအသားအစည်း အ ရုံး (KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့က မေလ ၉ ရက်နေ့ ရက်စွဲဖြင့် ပူးတွဲကြေ ညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
လက်ရှိနိုင်ငံရေး၊ စစ်ရေးအခြေအနေအရ ပါဝင်သင့်၊ ပါဝင်ထိုက်သည့် အင်အားစု တချို့ကို ဖယ်ချန်ထားသည့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် စစ်မှန်ပြီး အဓိပ္ပာယ်ပြည့်ဝသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲမျိုး မဟုတ်ကြောင်း ၎င်းတို့က ထောက်ပြထားခြင်း ဖြစ်သည်။
ယင်းအပြင် နိုင်ငံတကာ အဖွဲ့အစည်းများမှ စစ်ဘေးသင့် ဒုက္ခသည်များအား လွတ်လပ်စွာ ကူညီထောက်ပံ့မှုများ လျင်မြန်စွာ ပြုလုပ်ခွင့်ပေးသွားရန် ပြောထားသည်။
ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ကြားဝင်စေ့စပ်ညှိနှိုင်းပေးသည့် အားလုံးပါဝင်ပြီး မျှတသော ဆွေးနွေးပွဲမှသာလျှင် ၎င်းတို့မျှော် မှန်းထားသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပူးတွဲကြေညာချက်တွင် ထည့်သွင်းပြောထားသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းကိုယ်တိုင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံးပြီး ငြိမ်းချမ်းရေး ဆွေးနွေးမည်ဟု ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကရင်အမျိုးအသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့က တက်ရောက်မည်မဟုတ်ကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်ထားသည်။
ယင်းအပြင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်မည်မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပြီး ကျောင်းသားတပ်မတော် (ABSDF) ကလည်း အလားတူ ကြေညာချက်မျိုး တရားဝင် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (PPST) အဖွဲ့ဝင် တိုင်းရင်းသား လက် နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ ၁၀ ဖွဲ့အနက် ငါးဖွဲ့သာ တက်ရောက်ရန် ရှိနေသည်။ mizzima