ကလေးမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာများ တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီ တပ်စွဲထားသည့် နေရာ သုံးခုအား ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင် စီတပ်သား ခုနစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ CNDF က ယနေ့ မေလ ၁၁ ရက်တွင် ထုတ် ပြန်သည်။
ကလေးမြို့၊ တောင်ဖီလာရပ်ကွက် လေးထပ်ဆောင် ဝန်ထမ်းအိမ်ယာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ယမန်နေ့ ည ၈ နာရီခန့်က CN DF တပ်ဖွဲ့ဝင်များက တိုက်ခိုက်ရာ ခြောက်ဦး သေဆုံးကြောင်း ဆိုသည်။
ည ၁၀ နာရီတွင် စမ်းမြို့ရပ်ကွက်ရှိ မူးယစ်ရုံးအား CNDF နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကလေး)၊ CSS နှင့် GRF အဖွဲ့တို့ မိနစ် ၃၀ နီး ပါးကြာ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယင်းအချိန်တွင်ပင် တာဟန်းရပ်ကွက် နေကြာတိုက် အနီး ကင်းစောင့်နေသည့် စစ်ကောင်စီတပ်အား ပစ်ခတ်ရာ နှစ်ဦး ဒဏ်ရာ ရရှိပြီး ပူး ပေါင်း တပ်ဖွဲ့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“စိုးရိမ်ပူပန် နေရတာပေါ့၊ ဘယ်အချိန် ကိုယ့်အိမ်ခေါင်မိုးပေါ် ကနေ လက်နက်ကျည် ကျလာမလဲ ဆိုတာကို၊ ညဘက်တွေ ကတော့ ညတိုင်းလိုလို သေနတ်သံ ကြားနေရတယ်၊ နေ့ခင်းဘက်လည်း ကြားရတတ်တယ်၊ သေနတ်သံ ကြားရရင် စိတ်ထဲကနေ အပြစ်မဲ့ ပြည်သူတွေ မထိပါစေနဲ့၊ အမှန်တရား ဘက်တော်သားတွေ ဘေးကင်းပါစေ၊ အာဏာရူး မိစ္ဆာတွေ များများ ကျရှုံးပါစေလို့ ရေရွတ် ဆုတောင်းမိတယ်” ဟု တိုက်ပွဲ ဖြစ်ပွားရာ အနီး နေထိုင်သည့် ကလေးမြို့ခံက ပြောသည်။
ယင်းသို့ တိုက်ခိုက် ခံရမှုကြောင့် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ည ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် တာဟန်းဈေး အနီးရှိ KT ထမင်းဆိုင်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် ခေါင်မိုးနှင့် နေအိမ် အပေါ်ထပ် ပျက်စီးခဲ့ပြီး အိမ်ရှင် အမျိုးသမီးနှင့် သမီးငယ်တို့ လက်မောင်း၌ ဒဏ်ရာ အနည်းငယ် ရရှိသော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။ mizzima