ချင်းတွင်းမြစ်အောက်ပိုင်းရှိ ရွာသုံးရွာထက်မနည်းကို စစ်တပ်က မီးထပ်ရှို့နေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံရွာ ရေလယ်ကျွန်းဒေသမြောက်ပိုင်းမှ ကျေးရွာသုံးရွာထက်မနည်းကို စစ်တပ်က ယနေ့ (မေ ၁၀) တွင် ထပ်မံမီးရှို့နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။

စစ်တပ်က မြို့နယ်ချင်းထိစပ်နေသည့် မြောင်မြို့နယ်တောင်ပိုင်းမှ ကျေးရွာများကို ဝင်ရောက်စီးနင်းပြီးနောက် ယမန်နေ့ ညပိုင်းတွင် ရေလယ်ကျွန်းဒေသသို့ ဖြတ်ကူးကာ ဖြုံဖူး၊ မိဖုရားနှင့် မဲကုန်းဆိုသော ကျေးရွာသုံးရွာကို ယနေ့ မီးရှို့နေခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ 

အင်အား ၁၀၀ ကျော် ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ညပိုင်းတွင် ဖြုံဖူးရွာ၌ ညအိပ်ရပ်နားပြီးနောက် ယနေ့ နံနက်ပိုင်းတွင် အ ဖွဲ့နှစ်ဖွဲ့ခွဲကာ ကျေးရွာများကို မီးလိုက်ရှို့နေခြင်းဖြစ်သည်ဟု သိရသည်။ 

“၇ နာရီလောက်ကို မိဖုရားကို ရှို့တယ်။ ၁၀ နာရီဝန်းကျင်လောက် မဲကုန်းကို ရှို့တယ်။ ဖြုံဖူးက ညအိမ်စခန်းချတဲ့ရွာ။ အဲဒီမှာ တစ်ဖွဲ့ကျန်ခဲ့ပြီး နောက်တစ်ဖွဲ့က မီးရှို့သွားတာ” ဟု လုံခြံရေးအရ အမည်မဖော်လိုသူ ရေစကြိုမြို့နယ် ဒေသခံက ပြောသည်။ 

ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရေလယ်ကျွန်းဒေသရှိ ဘုန်းတော်ပြည့်ရွာကိုလည်း စစ်တပ်က မီးထပ်ရှို့ခဲ့ကြောင်း သိရသည်။ 

စစ်တပ်က မီးရှို့နေသော ကျေးရွာများမှာ အိမ်ခြေ ၁၅၀ မှ ၂၀၀ ကြားရှိပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် မီးလောင်ပျက် စီးသည့် အိမ်ခြေအရေအတွက်ကို မသိရသေးကြောင်းလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ရေလယ်ကျွန်းဒေသသို့ ဝင်ရောက်စီးနင်းပြီးနောက် ဖြုံဖူးနှင့် မိဖုရားအပါအဝင် ကျေး ရွာအချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။ 

မြေနုကျွန်းဒေသဖြစ်သော ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံရွာရှိ ရေလယ်ကျွန်းဒေသတွင် ကျေးရွာပေါင်း ၄၈ ရွာရှိပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ အားလုံးနုတ်ထွက်ထားသဖြင့် အုပ်ချုပ်ရေးယန္တရား လုံးဝလည်ပတ်နိုင်ခြင်း မရှိကြောင်း သိရသည်။​

“ဒီစစ်ကြောင်းက မနေ့က မြောက်ဘက်ဆုံးက ရွာတွေကို ဝင်တယ်။ တဖြည်းဖြည်းနဲ့ တောင်ဘက်ကို ရွှေ့လာတာပေါ့။ ရေလယ်ကျွန်းတစ်ခုလုံး ကို မွှေမဲ့သဘောရှိတယ်” ဟု ရေစကြိုဒေသခံက ဆိုသည်။

“ဒေသခံတွေက ကပ်နေတဲ့ ရွာတွေကို ရှောင်ရတယ်။ တစ်ရွာကို ဝင်ရင် နည်းနည်းလှမ်းတဲ့ရွာကို သွား။ အဲဒီရွာကို ဝင်ရင် ဒီဘက်ကို ပြန်လာ။ အဲ့လိုမျိုးပဲ လှည့်နေရတာ။ စိုက်ခင်းတွေနဲ့ စိုက်ရေးပျိုးရေးဒေသကိုး၊ လယ်ကွင်းပြင်တွေ၊ တဲတွေမှာ ရှောင်ကြရတာ”

ခုခံတော်လှန်မှု အားကောင်းသော ရေလယ်ကျွန်းဒေသကို စစ်တပ်က သုံးကြိမ်မြောက် ဝင်ရောက်စီးနင်းခြင်းဖြစ်ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီနှင့် ဧပြီတွင်လည်း ဝင်ရောက်စီးနင်းခဲ့ပြီးဖြစ်သည်။

ဧပြီလဆန်းပိုင်းတွင် ဝင်ရောက်စီးနင်းစဉ်က ကျေးရွာခြောက်ရွာမှ နေအိမ်အချို့ မီးရှို့ဖျက်ဆီးခံရကာ ဒေသခံလေးဦးလည်း သတ်ဖြတ်ခံရသည်ဟု ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ 

စစ်ကောင်စီက တိုင်းရင်းသားဒေသများ အပါအဝင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ ခုခံတော်လှန်သူများကို အပြင်းအထန် လိုက်လံနှိမ်နင်းရာ တွင် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် လပေါင်းများစွာ ကြာသည်အထိ အောင်မြင်မှုမရဘဲ ရှိနေသည်။ 

အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကာလအတွင်း စစ်တပ်နှင့် လက်အောက်ခံအဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အလုံး ၁၄,၀၀၀ ကျော် ပျက်စီးခဲ့ရပြီး၊ စစ်ကိုင်းတိုင်းမှ ၇,၅၀၀ ကျော်၊ မကွေးတိုင်းမှ ၂,၁၀၀ ကျော်နှင့် ချင်းပြည်နယ်မှ ၁,၁၀၀ ကျော်ဖြစ်ကြောင်း ထိုအချက် အလက်များကို စာရင်းပြုစုနေသည့် Data for Myanmar အဖွဲ့၏ ယခုလ ၁ ရက်နေ့ထုတ်ပြန်ချက်က ဆိုသည်။  myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s