ချိပ်ပိတ်ခံရသည့် ချင်းပါတီကိုယ်စားလှယ်နေ အိမ်ကို နားလည်မှုလွဲသည်ဆိုကာ ပြန်လည်အပ်နှံ


ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)ပါတီမှ အနိုင်ရရှိထားသည့် ဦးရှန်မန်း၏ နေအိမ်ကို ဇန်နဝါရီလ ၁၂ ရက်နေ့က ချိပ်ပိတ်ခဲ့သော်လည်း ယမန်နေ့ မေလ ၁၀ရက် နေ့က ပြန်လည်ပေးအပ်ခဲ့သည်ဟု သိရသည်။
အဆိုပါ ချိပ်ပိတ်ခံထားရသည့်နေအိမ်ကို စစ်ကောင်စီက ဦးရှန်မန်း၏သားဖြစ်သူ ဟားခါးပြည်သူ့ဆေးရုံ ဒု-ဆေးရုံအုပ်ကြီး ဒေါက်တာမန်ဗျက်ကုန်းထံပေးအပ်ကာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။
“ မနေ့က နေအိမ်ချိပ်ပိတ်ထားတဲ့ ချင်းပါတီကအနိုင်ရတဲ့ဦးရှန်မန်းရဲ့နေအိမ်ကို သူ့သားဖြစ်တဲ့ ဆရာဝန် ကြီးကို ပြန်ပေးတယ်ပေါ့။ အရင်က တည်းက အဲဒီအိမ်မှာ သူ့သားဆရာဝန်ကြီးပဲနေတာလေ။ ဘာကြောင့် ချိပ်ပိတ်တာလဲဆိုတော့ CRPH မှာပါသလိုလို ဘာလိုလို ရေရေရာရာလည်း မရှိဘူး။ အခု ငါးလနီးပါးရှိမှ နားလည်မှုလွဲမှားလို့ဆိုပြီး ပြန်ပေးတာ” ဟု ဟားခါးမြို့ခံ၏ပြောပြချက်အရ သိရသည်။
အဆိုပါ နေအိမ်ချိပ်ပိတ်စဉ်အချိန်က ကပ်ထားသည့် ဗွီနိုင်းပေါ်တွင် “ ယခုနေအိမ်သည် အကြမ်းဖက်မှု ကျူးလွန်သူတစ်ဦးအား ပုန်းအောင်းခွင့်ပေးခြင်းနှင့် ယာယီနေထိုင်ခွင့်ပေးကြောင်း ဖော်ထုတ်ရရှိသည့် အတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၂) အရ နေအိမ်အဆောက် အဦပိုင်ရှင်အား အရေးယူ မည့်အပြင် ပုဒ်မ(၅၆)အရ နေအိမ်၊ အဆောက်အဦအား နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းမည်” ဟု ပါရှိသည်။
ဦးရှန်မန်းသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွေထီးယူကို အနိုင်ရရှိထားသည့် ချင်းအ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)ပါတီမှ တစ်ဦးတည်းသော ပုဂ္ဂိုလ်လည်း ဖြစ်သည်။ mizzima