စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရမှုနှင့် ဆက်စပ်စွပ်စွဲ ဖမ်းခံရသည့် ကော့မှူး ဒေသခံ ၃၀၀ ကျော် ယနေ့အချိန်ထိ ပြန်မလွတ်သေး

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် အတွင်း စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရမှုနှင့် ဆက်စပ်စွပ်စွဲ ဖမ်းဆီး ခံထားရသည့် ဒေသခံ ၃၀၀ ကျော်သည် ယနေ့ မေလ ၁၀ ရက်နေ့အထိ ပြန်မလွတ်သေးကြောင်း ဒေသခံ သတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။

“ဖြစ်စဉ် ပြီးသွားတဲ့ နေ့က စပြီး ဖမ်းထားတဲ့သူတွေကို အခုထိ ပြန်မလွှတ် ပေးသေးတာ။ ငှက်အော်စမ်း ကတော့ တစ်ရွာလုံးကို စစ်နေတာ လူကြီးရော၊ ကလေးပါ မချန်ဘူး။ အကုန်လုံး ခေါ်ပြီးတော့ ငှက်အော်စမ်း အ.ထ.က စာသင်ကျောင်းထဲမှာ ထည့်ထားပြီးတော့ စစ်တာ။ ထမင်းစားချိန်ဆိုရင် အမျိုးသမီးတွေကို အိမ်ပြန်လွှတ်တယ်။ ထမင်းဟင်း ချက်ပြီး စားသောက်ပြီးတော့ ပြန်လာ ယောက်ျားတွေဖို့ ယူလာခဲ့။ အဲ့လို ပုံစံမျိုး။ ဒီနေ့အထိ စစ်နေတုန်းပဲ” ဟု ကော့မှူးဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ကော့မှူးမြို့နယ် မကျီးကန်- ကျိုက်ထော် လမ်းမပေါ်တွင် နယ်မြေ ရှင်းလင်းရန် လာရောက်သည့် စစ်ကောင်စီကား နှစ်စီးကို ကာကွယ်ရေး တပ်ဖွဲ့များက မေလ ၃ ရက်နေ့ ညနေပိုင်းတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးအပါဝင် နှစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ရှိခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီက ဖြစ်စဉ် ဖြစ်ပွားရာ နေရာအနီးရှိ ငှက်အော်စမ်း၊ ညောင်ထောက်နှင့် သံကြိုး ကျေးရွာများမှ ပြည်သူများ အပါဝင် အနီးအနားရှိ ပြည်သူ ၃၀၀ နီးပါးကို ယင်းနေ့ ညနေပိုင်းတွင်ပင် ဖမ်းဆီးကာ စစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

“သူတို့က အဖွဲ့တွေခွဲပြီး စစ်နေတာ။ အရင် ရက်တွေကဆို ရေတာရှည်ရွာက နှစ်ယောက်ကို ပစ်သတ်လိုက်ပြီ ဆိုပြီး သတင်းလွှင့် ဝါဒဖြန့်ပြီး ခြောက်ပြီးတော့ စစ်တာ။ အခုထိ အဖမ်း ခံထားရတဲ့ သူတွေက ပြန်မလွတ် သေးဘူး။ ဒီနေ့လည်း သပြေတောဘက်က လူတွေကို ထပ်ဖမ်းတယ်လို့ ပြောတယ်။ အရေအတွက်တော့ မသိရသေးဘူး ” ဟု သတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီတပ်သည် ဖမ်းဆီးထားသည့် ကျေးရွာသုံးရွာမှ ဒေသခံပြည်သူ ၃၀၀ နီးပါးကို ခြိမ်းခြောက် စစ်ဆေးမှုများ ပြုလုပ်နေပြီး တစ်ပတ်ကြာမြင့်ပြီဖြစ်ကာ တစ်ဖွဲ့တည်း စစ်ဆေးနေခြင်းမျိုး မဟုတ်ဘဲ တစ်ဖွဲ့ပြီး တစ်ဖွဲ့ လာရောက်ကာ စစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ကို ကြားဖြတ် တိုက်ခိုက်မှုသည် နန်းထိုက်အောင် စစ်ဆင်ရေး အဖြစ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ဒေသခံ ပြည်သူများကို ယခု ကဲ့သို့ ဖမ်းဆီးနှိပ်စက် ရိုက်နှက် စစ်ဆေးနေခြင်းသည် အောက်တန်းကျပြီး လူမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း တောင်ပိုင်းခရိုင် ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ကော့မှူးမြို့ အနောက်ဘက်ခြမ်း ဖြစ်သည့် မကျည်းကန်၊ မဆယ်ဆိပ်နှင့် ငှက်အော်စမ်း ကျေးရွာများသို့ သွားရာ လမ်းတစ်လျှောက်တွင် စစ်ဆေးရေးဂိတ်များ ချထားသည့်အပြင် လမ်းတစ်လျှောက်တွင်လည်း အရပ်ဝတ်ဖြင့် ကင်းပုန်းချကာ စစ်ဆေးမှုများ ရှိနေကြောင်း ဒေသခံများထံက သိရသည်။

ထို့အပြင် ကော့မှူး၊ ကွမ်းခြံကုန်းနှင့် တွံတေးမြို့နယ်များ၌ လုံခြုံရေး တင်းကျပ်ကာ ည ၆ နာရီမှ နံနက် ၆ နာရီအထိ အပြင်ထွက်ခွာ သွားလာခွင့် မရှိဘဲ နံနက် ၆ နာရီမှ ည ၆ နာရီကြား သွားလာသူများ ကိုလည်း စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း စစ်ကောင်စီတပ်ကကြေညာ ထား သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s