စစ်ကောင်စီ ဦးဆောင်ဖွင့်လှစ်မည့် တက္ကသိုလ်နှင့် ကောလိပ်များတွင် ကျောင်းအပ်နှံသူနည်း ပါး

စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက မေလ ၁၂ ရက်နေ့တွင် နိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်နှင့် ကောလိပ်များ ပြန်လည် ဖွင့်လှစ်မည်ဟု ကြေညာထား သော်လည်း ကျောင်းအပ်နှံသူ အနည်းငယ်သာ ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့မှ စတင်၍ ကျောင်းအပ်နှံနိုင်ကြောင်း ကြေညာထား သော်လည်း ယနေ့ မေလ ၁၁ ရက်အထိ ကျောင်းအပ်သူ အနည်းငယ်သာရှိကြောင်း အဆင့်မြင့် ပညာရေး အသိုင်းအဝိုင်းမှ သိရသည်။
ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်ကြီး ဖြစ်သည့် ဒဂုံတက္ကသိုလ်မှ ပညာရေးဝန်ထမ်း တစ်ဦးက “အများကြီးတော့ မဟုတ်ဘူး၊ လာအပ်ကြတယ်။ အများစုက ပထမနှစ်တွေ များတာ တွေ့ရတယ်” ဟု မဇ္ဈိမကို ပြောသည်။
ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်တွင်လည်း ကျောင်းအပ်သူ နည်းပါးကြောင်း အပ်နှံသည့် ဦးရေကိုမူ လတ်တလော အတိအကျ မပြောနိုင်သေးကြောင်း ပညာရေး ဝန်ထမ်းတစ်ဦးက ဆိုသည်။
စစ်အာဏာ သိမ်းပြီးနောက် ပညာရေး ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူ အများအပြား စစ်ကောင်စီကို ဆန့်ကျင်၍ CDM ပြုလုပ်နေသဖြင့် ယခင်နှစ်က ဖွင့်လှစ်ရာတွင်လည်း တက်ရောက်သူ အနည်းငယ်သာ ရှိခဲ့ကြောင်း သိရသည်။
CDM ပညာရေး ဝန်ထမ်း ၁၀၀,၀၀၀ ကျော်ရှိသည့်အနက် အဆင့်မြင့်ပညာ ဦးစီးဌာနမှ ဝန်ထမ်း စုစုပေါင်း ၁၅,၀၀၀ ကျော် ပါဝင်ကြောင်း RC Of UTAs -CDM ၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
”စစ်ကောင်စီက သူတို့ ပုံမှန် လည်ပတ်နေတာကို ပြဖို့ ကျောင်းတွေ ဖွင့်ပြဖို့ လုပ်နေတယ်။ နွေဦးတော်လှန်ရေး ကလည်း တစ်နှစ်ကျော်နှစ်နှစ်အတွင်း ဝင်ရောက်လာတဲ့ အချိန်မှာ လူထုရဲ့ အခက်အခဲ တချို့ကိုလည်း ကြားလာရတယ်။ ဒါပေမယ့် ကျောင်းသား ကျောင်းသူ အများစုက တော့ စစ်ကျွန် ပညာရေးကို သပိတ်မှောက် ထားဆဲ ဖြစ်ပါတယ်” ဟု ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုသည်။ mizzima