စစ်မတိုက်သည့်အဖွဲ့များနှင့်တွေ့မည့် စစ်ခေါင်း ဆောင်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဟန်ပြသာဖြစ်မည်

အာဏာသိမ်းစစ်တပ်နဲ့ စစ်ရေးပဋိပက္ခတိုက်ပွဲတွေ ဖြစ်ပွားမနေတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ခေါင်းဆောင်တို့အကြား နေ ပြည်တော်မှာ တွေ့ဆုံမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ တဖွဲ့ချင်းစီရဲ့ အကျိုးစီးပွားအတွက် တောင်းဆိုတာထက်မပိုတဲ့ ဟန်ပြဆွေးနွေးပွဲသာ ဖြစ်လိမ့်မယ် လို့  နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က  ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကိုယ်တိုင်တွေ့ဆုံလိုတယ်လို့ ဖိတ်ခေါ်ထားတာကို စစ်တပ်နဲ့ နှစ်ပေါင်း ၃၀ ကျော်ကြာ တိုက်ပွဲမဖြစ်တော့တဲ့  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့သာ တွေ့ဆုံဆွေးနွေးမယ်လို့ စာရင်းပေးထားကြတာဖြစ်ပါတယ်။

မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်နိုင်ဖို့ အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးမှု မဟုတ်တာကြောင့် စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်သလို လက်ရှိအချိန်က စစ်တပ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးရမယ့် အချိန်မဟုတ် သေးဘူးလို့လည်း ကျန်တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေက  အသီးသီး ကြေညာထား ပါတယ်။

လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ ပြည်သူကာကွယ်ရေးအဖွဲ့တွေနဲ့ မဆွေးနွေးပွဲ တိုက်ပွဲမဖြစ်တဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးကြမယ့် ငြိမ်းချမ်းရေးဆွေးနွေးမှုဟာ ကောင်းမွန်တဲ့ရလဒ်ထွက်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေကသုံးသပ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ  ဦးသန်းစိုးနိုင်က “အခုဖြစ်နေတာက အန်ယူဂျီနဲ့ ပီဒီအက်ဖ်တွေ ဦးဆောင်နေတဲ့ နွေဦးတော်လှန်ရေးနဲ့ ဒီနေ့က တိုင်းနဲ့ ပြည်နယ်အနှံ့မှာ တိုက်ပွဲတွေဖြစ်နေတယ်။ အဲဒါတွေ ရပ်ဆိုင်းအောင်လုပ်မယ်ဆိုရင် အားလုံးပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှု လုပ်ဖို့လိုတယ်။ အဲဒါတွေ မလုပ်သမျှကာလပတ်လုံး ငြိမ်းချမ်းရေး ဖော်ဆောင်မှုဆိုတာ အဓိပ္ပာယ်မရှိတဲ့ သကြားဖုံးထားတဲ့ ဆွေးနွေးပွဲတွေပဲ။ ငြိမ်း ချမ်းရေးရပြီးသားအဖွဲ့တွေကို ငြိမ်းချမ်းရေး ဆွေးနွေးနေတာကတော့ လက်ရှိ ဗမာပြည်မှာ ဖြစ်နေတဲ့ ဒီစစ်ရေး ပဋိပက္ခတွေ၊ နိုင်ငံရေး ပဋိပက္ခတွေ ဖြေရှင်းရေးအတွက်တော့ ဘာမှအဓိပ္ပာယ်မရှိဘူးလို့ ကျနော်ကတော့ ခြုံငုံသုံးသပ်ပါတယ်” လို့ ပြောပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ဖို့အတွက် တူညီတဲ့ ရည်မှန်းချက်တွေရှိကြပေမယ့် တဖွဲ့ချင်းစီက လိုချင်တဲ့ နိုင်ငံရေးရည်မှန်းချက်တွေဟာ မတူညီကြပါဘူး။ 

အဲဒီအတွက် အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံကြမယ့်တော်လှန်ရေးအဖွဲ့အစည်းတွေဟာ သူတို့တွေရဲ့ ဘုံအကျိုးစီးပွားအတွက် တောင်းဆိုလာနိုင်သလို အာဏာရှင်တော်လှန်ရေးအတွက် ရန်သူအင်အားတိုးလာမှာကြောက်တဲ့ စစ်တပ်အနေနဲ့လည်း အဲဒီတောင်းဆိုချက်တွေကို နှုတ် အားဖြင့် သဘောတူမယ့်အနေထား ရှိနိုင်တယ်လို့လည်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ပါဝင်မှုအားကောင်းတဲ့ဘက်က အာဏာရှင်တော်လှန်ရေး အောင်နိုင်ခြေများတာကြောင့် လက်နက်အင် အားတောင့်တင်းတဲ့ တိုင်းရင်းသားအဖွဲ့တွေဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ကူညီပြီး နွေဦးတော်လှန်ရေးကို ပူးပေါင်းလာမှာ စစ်တပ်က စိုးရိမ်နေတယ်လို့လည်း စစ်တပ်အသိုင်းအဝိုင်းနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဒါကြောင့် စစ်တပ်ဟာ နိုင်ငံရေးအပြင် စစ်ရေးအရ အသာစီးရနိုင်မယ့် တွေ့ဆုံဆွေးနွေး နိုင်ရေးလမ်းကြောင်းကို ဖော်ဆောင်ခဲ့ပေမယ့် အားလုံးပါဝင်ခွင့်မရသလို အရေးကြီးတဲ့ စစ်မှန်တဲ့ စိတ်စေတနာမှန် မပါတာကြောင့် အောင်မြင်မယ့်ဆွေးနွေးပွဲ မဟုတ်ဘူးလို့လည်း ချင်းတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးရှိန်းထွန်းက ထောက်ပြပါတယ်။

“ခြုံပြီးပြောရရင်တော့ တိုင်းပြည်တခုလုံးအတွက် ဖယ်ဒရယ်ဖော်ဆောင်မယ့် အနေအထားထက်စာရင် တဖွဲ့ချင်းစီရဲ့ ဘုံအကျိုးစီးပွားအပေါ်မှာပဲ အခြေတည်တဲ့ အခင်းအကျင်းမျိုးပဲ သုံးသပ်မိပါတယ်။ အင်အားကြီး EAO တွေ သွားတဲ့ဘက်က ပြည်သူနေမှာ ဖြစ်တဲ့အတွက် ဒီဟာကို သူ က လက်ဦးမှု နိုင်ငံရေးအရ လက်ဦးမှုယူလိုက်ပြီးမှ ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ ဖွင့်ချလိုက်တယ်လို့ ကျနော်တို့ သုံးသပ်တယ်။”

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ၂၀၁၈ ခုနှစ်ကလည်း အခုလိုပဲ ၂၀၂၀ မှာ ငြိမ်းချမ်းရေးရအောင်လုပ်မယ်လို့ ပြောဆိုပြီး ရခိုင်ပြည်နယ်ကလွဲလို့ နေရာစုံကို အပစ်အခတ်ရပ်စဲ ကြောင်း ကြေညာချက်ထုတ်ပြန်ပြီး ရက္ခိုင့်တပ်တော် အေအေအဖွဲ့ကို လက်နက်အင်အား လူအင်အား အ များ အပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်က  အေအေကို လူအင်အား လက်နက်အင်အား အလွန်အကျွံသုံးပြီး စစ်ရေးအရ အသာစီးရယူနိုင်အောင်လုပ်ဆောင်ခဲ့ပေမယ့် တိုက်ခိုက်ရေးစွမ်းရည်ကျဆင်းနေတဲ့ သူရဲ့စစ်တပ်က စစ်နိုင်အောင် မတိုက်နိုင်တော့တဲ့အချိန်မှာ အေအေထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အလျှော့ပေးတဲ့ အပစ်ရပ်ရေး သဘောတူညီမှုကို စစ်တပ်က လုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း တစ်နိုင်ငံလုံးအနှံ့ တိုက်ပွဲဖြစ်နေတဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကို နှိမ်နင်းနိုင်ဖို့အတွက် တိုက်ခိုက်ရေး အတွေ့ကြုံရင့်တဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို စည်းရုံးပြီး ဟန်ပြငြိမ်းချမ်းရေး ဆွေးနွေးပြီး စစ်ရေးအကျပ်အတည်းကို ဖြေရှင်းဖို့ လုပ်ဆောင်နေတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

“အန်ယူဂျီနဲ့ EAO တွေကို သွေးခွဲဖို့ဆိုတဲ့အချက်က သေချာတယ်ပေါ့ဗျာ။ စစ်ရေးအရ ပြောရမယ်ဆိုရင် အဘက်ဘက်က အရေးနိမ့်နေတဲ့ အ ခြေ အနေမှာ သူတို့အနေနဲ့ အချိန်ဝယ်ချင်ပုံရတယ်။ အနည်းဆုံးတော့ လာမယ့် မိုးရာသီပေါ့ဗျ ကျနော်တို့အတွက်ကော၊ စစ်ကောင်စီအတွက်ကော၊ စိန်ခေါ်မှုရှိပါတယ်။ စစ်အုပ်စုကတော့ သူတပ်တွေက မနားမနေ တိုက်နေရတော့ စစ်ပန်းနေပြီလို့ ပြောလို့ရတယ်။ မိုးရာသီကို အသာလေးများ ကျော်သွားလို့ရမလား မျှော်လင့်ပုံရတယ်။ ဒါပေမဲ့ ဒီစစ်အုပ်စုရဲ့ မာယာတွေ ပရိယာယ်တွေ ဆိုတာက နွေဦးတော်လှန်ရေးမှာတော့ အလုပ်မဖြစ်တော့ဘူးလို့ ပြောချင်ပါတယ်။”

အာဏာသိမ်းစစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ဆွေးနွေးပွဲကို ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ အမျိုးသားဒီမိုကရေစီမဟာ မိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (MNSP) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ပအိုဝ်းအ မျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၁၀ ဖွဲ့ တက်ရောက်ဖို့ စာရင်းပေးထားတယ်လို့ စစ်ကောင်စီဘက်က ပြောထားပါတယ်။

အဆိုပါအဖွဲ့တွေထဲက အများစုဟာ ၁၀ စုနှစ်တွေနဲ့ ချီပြီး  စစ်တပ်နဲ့ တိုက်ပွဲတွေ တကြိမ်တခါမှ ဖြစ်ပွားခဲ့တာ မရှိတဲ့ အဖွဲ့တွေဖြစ်ပြီး လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ KNU၊ KIO၊ KNPP၊ CNF အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ဆွေး နွေးပွဲ မတက်ဘူးလို့ အသီးသီးကြေညာထားကြပါတယ်။

တရားမဝင် အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီအနေနဲ့ အခုလိုငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးနဲ့ စီးပွား‌ရေး အ ခက် ခဲတွေကို ယာယီဖြေရှင်းဖို့ ကြိုးစားနေတာသာဖြစ်ပြီး  ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်အသက်သွင်းမယ့် စစ်အုပ်စုရဲ့ အတုယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ဟာ တရားဝင်မှုမရှိဘူးလို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က  ထုတ်ပြန်ထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s