နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စစ်ကောင်စီက ဖိတ်ခေါ်နေသော်လည်း ဝင်လာရန်မလွယ်သေးဟု စီးပွားရေးလေ့လာသူများ သုံးသပ်

နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်အခတွေ မဆုံးရှုံးစေရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ထပ်မံဖိတ်ခေါ်သွားဖို့လိုတဲ့အကြောင်း အာဏာသိမ်း စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။
သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူတွေနဲ့ မကြာသေးခင်ရက်ပိုင်းက တွေ့ဆုံခဲ့ရာမှာပြောဆိုခဲ့တာဖြစ်ပြီး နိုင်ငံတော်ရဲ့ ပထမဆုံးနဲ့ အောင်မြင်မှုအရှိဆုံး စံပြအထူး စီးပွားရေးဇုန် ဖြစ်ဖို့ ယခုထက် အောင်မြင်အောင် ကြိုးပမ်းကြဖို့လည်း ဒုစစ်ခေါင်းဆောင်က တိုက် တွန်းပါတယ်။
ဒါပေမဲ့ မြန်မာပြည်မှာ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေက နိုင်ငံရေးပြဿနာ နဲ့ စီးပွားရေးပြဿနာကို တပြိုင်တည်း ရင်ဆိုင်နေရတာဖြစ်လို့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့က မလွယ်ကူတဲ့ အနေအထားမှာ ရှိနေတယ်လို့ စီးပွားရေးလေ့လာသူတွေက သုံးသပ် ပါတယ်။
စီးပွားရေးသုတေသီတဦးက “နိုင်ငံရေးအခြေအနေ မကောင်းတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာဖို့က မလွယ်ဘူးနော်။ နိုင်ငံရေး တည်ငြိမ်မှု မရှိဘူး၊ ဥပဒေ စိုးမိုးမှု မရှိဘူး ဆိုတော့ လာဖို့ ခက်တာပေါ့။ ဒါပေမဲ့ လုံးဝ ဇီးရိုး လားဆိုရင် ဇီးရိုး တော့ မဟုတ်ဘူးပေါ့။ လောလောဆယ် လုပ်လက်စရှိတဲ့ ကုမ္ပဏီတွေ၊ နိုင်ငံတွေနဲ့ နောက်တခုက အခုလို အခြေအနေမှာ လုပ်ချင်တဲ့ နိုင်ငံတွေလည်း ရှိနိုင်တာပဲ။ ဥပမာ တရုတ်ပေါ့။ သူတို့ကတော့ ဝင်လာနိုင်ခြေ ရှိပါတယ်။ ဒီကုမ္ပဏီတွေ ဝင်လာရင်တော့ အလုပ်အကိုင် အခွင့်အလမ်းတော့ ရရှိစေတယ်။ ဒါပေမဲ့ ဆိုးကျိုးက သူတို့ကကော ပွင့်ပွင့် လင်းလင်းလုပ်လို့ ရမလား။ မြန်မာပြည်မှာက နိုင်ငံရေး ပြဿနာ တခုတည်း မဟုတ်ဘူး။ စီးပွားရေး ပြဿနာလည်း ရှိနေတာ။ လျှပ်စစ်မီး မမှန်တာ၊ အင်တာနက် မရတာ၊ လုံခြုံစိတ်ချရမှု မရှိတာ။ အဲ့ဒီ့အခြေအနေအောက်မှာ သူတို့က စီးပွားရေးကို တည်တည်ငြိမ်ငြိမ်နဲ့ ကောင်းကောင်းမွန်မွန် လုပ်နိုင်မလား။ တဖက်ကလည်း အတိုက်အခံတွေဘက်က ခြိမ်းခြောက်မှုတွေ မရှိနိုင်ဘူးလား၊ ဒါတွေ အများကြီး စဉ်းစားစရာ ရှိတယ်။ အခုကတော့ အခြေအနေ မကောင်းတဲ့အတွက် ပြည်တွင်းကဘဲ လုပ်လုပ်၊ ပြည်ပကဘဲ လုပ်လုပ် အခြေအနေ မပေးသေး တဲ့ ဟာပေါ့နော်။ သူတို့လည်း စီးပွားရေး လုပ်တယ်ဆိုတာ မြတ်ချင်လို့ လုပ်ကြတာ။ ဒါပေမဲ့ မြန်မာပြည်မှာက စီးပွားရေးလုပ်ဖို့က (risk) စွန့်စားရမှာတွေက နိုင်ငံရေးကော စီးပွားရေးကော ရှိနေတာနော်။ အဲ့တော့ သူတို့ကလည်း သေသေချာချာ စဉ်းစားပြီးမှ လုပ်ကြမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
နိုင်ငံတကာနဲ့ချိတ်ဆက်ဆောင်ရွက်နေတဲ့လုပ်ငန်းရှင်တဦးကလည်း “စစ်တပ်က အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးအပေါ် အလေးထားလိုက်နာကြတဲ့ ကုမ္ပဏီကြီးတွေ ပြည်တွင်းက ထွက်ခွာသွားတာရှိတယ်နော်။ ဒီအပေါ်မှာ ပထမတချက်က အလုပ်အကိုင် ဆုံးရှုံးစေတယ်။ နောက်တချက်က တိုင်းပြည်အတွက် ဝင်ငွေပေါ့။ ကုမ္ပဏီကြီးဆိုတော့ အခွန်ဆောင်ရတဲ့အတွက် အခွန်အခတွေ ဆုံးရှုံးစေတယ်။ ပိုဆိုးတာက ကုမ္ပဏီကြီးတွေ ထွက်သွားတဲ့ သက်ရောက်မှုက တိုင်းပြည်ရဲ့ ပုံရိပ်ကိုပါ ထိခိုက်မှု ရှိစေတယ်။ ဒီနိုင်ငံက ဘာကြောင့် ထွက်တာလဲ။ တွက်ခြေမကိုက်လို့ ထွက်တာလား။ ဘာကြောင့်ထွက်တာလဲဆိုတဲ့ အကြောင်းရင်း ရှိရတယ်။ ကုမ္ပဏီကြီးတွေဆိုတာက တာဝန်ယူမှု၊တာဝန်ခံမှု ရှိတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေပေါ့။ အထူးသဖြင့် ဒါက ဒီမိုကရေစီနိုင်ငံကြီးတွေက ကျင့်သုံးကြတာ။ ဒီတော့ တာဝန်ယူမှု၊တာဝန်ခံမှု ရှိတဲ့ ကုမ္ပဏီကြီးတွေကတော့ ဝင်လာဖို့ ခက်သွားတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO)က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် တနှစ်အကြာမှာ ကောင်းမွန်တဲ့ လုပ်ငန်းခွင်တွေ မရှိတော့တဲ့အတွက် လုပ်သားစျေးကွက်ကြီးက ချည့်နဲ့သွားပြီလို့ သုံးသပ်ပြောပါတယ်။
စစ်တပ်မှ အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကြောင့် ပြည်တွင်းမှာ နိုင်ငံရေးမငြိမ်သက်မှုနဲ့အတူ ကိုဗစ်-၁၉ ကမ္ဘာ့ကပ် ရောဂါကြောင့်လည်း မြန်မာပြည်သူတွေဟာ လူထုကျန်းမာရေးနဲ့ လူမှုစီးပွားရေးမှာ စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေရပါ တယ်လို့ ILO က ဆိုပါတယ်။
ဒါကြောင့် ILO ရဲ့ ခန့်မှန်းချက်အရ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်အခြေအနေနဲ့ အာဏာမသိမ်းမီ ၂၀၂၀ အခြေအနေကို နှိုင်းယှဉ်ရာမှာ ၂၀၂၁ ခုနှစ်မှာ အလုပ်လုပ်နိုင်တဲ့အချိန်နာရီက ၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့ရပါတယ်။
အဆိုပါပမာဏဟာ အချိန်ပြည့်ဝန်ထမ်း အရေအတွက် ၃ ဒသမ ၁ သန်းရဲ့ အလုပ်လုပ်ချိန်နဲ့ ညီမျှတာပါ။ ဒါကြောင့် အလုပ်လုပ်ချိန်နာရီတွေ ဆုံးရှုံးမှုဟာ အလုပ်အကိုင် ဆုံးရှုံးမှုအပြင် မိမိအရည်အချင်းအောက် နိမ့်တဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေရတာဖြစ်တယ်လို့ ILO က သုံးသပ်ထားပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ စစ်တပ်မှ အာဏာ သိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ဇန်နဝါရီ ၃၁ ရက်အထိ ရင်းနှီးမြုပ်နှံမှုကဏ္ဍပေါင်း ၁၂ ခု၊ လုပ်ငန်းပေါင်း ၄၄ ခုရှိကာ တန်ဖိုးအားဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၈၂၃ သန်း ခွင့်ပြုပေးခဲ့ပြီး အဲဒီထဲက လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ ၃၀၆၂ သန်းနဲ့ အများဆုံးရှိပြီး ဝန်ဆောင်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၃၇ သန်း နဲ့ စက်မှုကဏ္ဍမှာ ၁၉၉ သန်း ရှိတယ်လို့ ဖော်ပြထားပါတယ်။DVB