မန္တလေးတွင် စစ်တပ်က သံဃာ ၁၀၂၆၄ ပါး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရန်စီစဉ်နေမှု သပိတ်မှောက် ဆန့်ကျင်ရန် သံဃသမဂ္ဂ (မန္တလေး) က ကြေညာ

အကြမ်းဖက် စစ်ကောင်စီက ကဆုန်လပြည့်နေတွင် ပြုလုပ်မည့် သံဃာ ၁၀၂၆၄ ကျော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို သပိတ်မှောက်ဆန့်ကျင်ကြရန် သံဃသမဂ္ဂ(မန္တလေး) က ယနေ့ မေလ ၁၀ ရက်နေ့တွင် သံဃာထုတစ်ရပ်လုံးသို့ မေတ္တာရပ်ခံပန်ကြားချက်ကို ထုတ်ပြန်လိုက်သည်။
“ကျေးရွာတွေမှာ မိမိတို့မိသားစုဝင်တွေရဲ့ အသက်အိုး အိမ်စည်းစိမ်တွေ ဖျက်ဆီးခံနေရပြီး သောက ပရိဒေဝ ဒုက္ခပင်လယ် ဝေနေကြတဲ့အချိန်မှာ ကျူးလွန်သူတွေ မတရားနည်းနဲ့ ရယူထားတဲ့ မသန့်ရှင်းတဲ့ ပစ္စည်းလှူဒါန်းမှုကို လက်ခံရယူဖို့ မသင့်တော်ဘူးလို့ယူဆမိပါတယ်” ဟု သံဃသမဂ္ဂ(မန္တလေး)၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အကြမ်းဖက် စစ်ကောင်စီသည် မတရားသဖြင့် အာဏာသိမ်းယူပြီး ပြည်သူ လူထုကို အရက်စက်ဆုံးနည်းလမ်းများ အသုံးပြုကာ စစ်ရာဇ ဝတ်မှုများကျူးလွန်နေပြီး အခြားတဖက်တွင် ဘာသာရေးအခမ်းအနားများပြုလုပ်ပြီး သာသနာပြုနေသယောင် ဘာသာရေးနှင့် ဘာသာရေးခေါင်းဆောင်များကို အသုံးချနေခြင်းသာဖြစ်ကြောင်း သံဃသမဂ္ဂ (မန္တလေး)၏ သံဃာထုသို့ ပန်ကြားချက်တွင် ဖော်ပြထားသည်။
ထို့ပြင် လူမျိုးရေးအဓိကရုဏ်းများဖန်တီးရန် ကြိုးစားနေပြီး တိုင်းရင်းသားများနှင့် ဗမာပြည်သူလူထုအကြားသွေးခွဲဖို့ကြိုးပမ်းလာနေတာကိုလည်း တွေ့ရှိရကြောင်း၊ သမိုင်းတစ်လျှောက်တွင်လည်း သံဃာထုသည် ပြည်သူလူထု၏ ရှေ့မှ မားမားမတ်မတ်ရပ်တည်ကာ မတရားမှုများကို ဆန့်ကျင်တွန်းလှန်ခဲ့ကြသည့်အလျောက် နိုင်ငံ၏ ပကတိအခြေနေမှန်များကို နားလည် သဘောပေါက်၍ စစ်အာဏာရှင်များ၏အသုံးချခံအဖြစ်သို့ မရောက်ရှိရန် မျက်စိကြီးကြီး နားကြီးကြီးထားဖို့ အထူးလိုအပ်ကြောင်း၊ ပြည်သူလူထုအားလုံး အတိဒုက္ခရောက်ချိန်တွင် သံဃာထုက မိမိတို့နှင်မသက်ဆိုင်သကဲ့သို့ လစ်လျူရှုနေခြင်းမျိုး လုံးဝမဖြစ်သင့်ကြောင်း၊ စစ်အာဏာရှင်များကို အားပေးထောက်ပံ့ရာရောက်မည့် ကိစ္စမှန်သမျှကို အသိကြီးကြီးထား၍ ရှောင်ရှားသင့်ကြောင်း အဆိုပါ ပန်ကြားချက်တွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီသည် အာဏာတည်မြဲရေးအတွက် ပြည်သူလူထုကို အမျိုးမျိုး နှိပ်စက်နေခြင်းများအပြင် ဘုရားကျောင်းကန်များကို စစ်အခြေစိုက်စခန်းများအဖြစ်အသုံးချ တပ်စွဲနေထိုင်ခြင်း၊ ဘုရားစေတီနှင့် ဘုန်းကြီးကျောင်းစာသင်ကျောင်းများကိုပါ ဖျက်ဆီးမီးရှို့ခြင်း၊ ရဟန်းသာမဏေများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ လေကြောင်းကိုပင်အသုံးပြု၍ အရပ်သားပြည်သူများ ကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းများကို လက် နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖြိုခွင်းခြင်းများ၊ ဥပဒေမဲ့အကြမ်းဖက်မှုများ၊ လူ့အခွင့်ရေးချိုးဖောက်မှုများ၊ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ ချမှတ်ထားတဲ့ စည်းမျဥ်စည်း ကမ်းများကို ဖောက်ဖျက်ပြီး စစ်ရာဇဝတ်မှုများကျူးလွန်လျက်ရှိသည်ဟုလည်း သံဃသမဂ္ဂ(မန္တလေး) က အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များကို ရေးသားထားသည်။
ယနေ့ သံဃာထု၏ ရပ်တည်ချက်ကို ပြည်သူများက မေ့ပျောက်သွားလိမ့်မည်မဟုတ်ဘဲ သံဃာထုရပ်တည်ချက်သည် အနာဂတ်သံဃာ့အဖွဲ့စည်းအပေါ် အကျိုးသက်ရောက်မှုကြီးမားလိမ့်မည်ဖြစ်ကြောင်း၊ သံဃာထုအနေဖြင့် ဓမ္မလမ်းကြောင်းမှရပ်တည်ကာ ပြည်သူလူထုရှေ့ကမားမားရပ်တည်လျက် ပြည်သူလူထုအားကိုးရာ ဖြစ်သင့်ကြောင်း၊ နိုင်ငံတစ်ဝန်းဖြစ်ပေါ်နေသည့် မတရားမှုများ အနိုင်ကျင့်မှုများပပျောက်ရန် တားမြစ်ဆုံးမပေးရမည့် တာဝန်ရှိပြီး ငြိမ်းချမ်းရေး တရားမျှတမှုဖြင့် လောကပါလတရား ဗြဟ္မစိုရ်တရား သုစရိုက်တရားများထွန်းကားရေးအတွက် ရှေ့ဆောင်လမ်းပြဟောညွှန်ပြသရမည်ဖြစ်ကြောင်း သံဃာထုသို့ တိုက်တွန်း ပန်ကြားထားသည်။
“လောကကို ကျေးဇူးမပြုနိုင်တဲ့တစ်နေ့ သာသနာကွယ်လိမ့်မည် ”’ ဟူသော ရှေးဆရာတော်ကြီးများရဲ့သြဝါဒကိုလည်း အထူးသတိပြုကာ သံဃာထုအနေဖြင့် လောကအရေး ဓမ္မအရေးများကို အမြင်ကျယ်ကျယ် အမြော်အမြင်ကြီးကြီးဖြင့်ဆင်ခြင်လျက် ဓမ္မဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ကြပြီး အကြမ်းဖက်စစ်ကောင်စီ၏ သာသနာကို ကြည်ညိုယောင်ဟန်ပြ အသုံးချနေမှုများကို ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြဘဲ သပိတ်မှောက် ငြင်းပယ်ကြပါရန် လျှောက်ထားအပ်ကြောင်း သံဃသမဂ္ဂ (မန္တလေး)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ khit thit