မူဆယ်တွင် ဖုန်းအရောင်းဆိုင် ဓားပြတိုက်ခံရ၊ ကျပ်သိန်း ၁,၀၀၀ ဖိုးခန့် ပါသွား

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့၊ ခရစ်ယာန်ရပ်ကွက် စည်ပင်ရုံးအနီးရှိ SAi Nyee မူဆယ် Second-Hand Mobile & Laptop Center အမည်ရှိ ဖုန်းအရောင်းဆိုင်မှာ မေ ၁၀ ရက် ညနေပိုင်းက ကျပ်သိန်း ၁,၀၀၀ ဖိုးလောက် ဖုန်းတွေ ဓားပြတိုက်ခံခဲ့ရပါတယ်။

မနေ့ညနေ ၃ နာရီ ၄၀ မိနစ်လောက်က ဆိုင်ရှေ့ကို ခဲရောင်ပါဂျဲယ်ရိုကားတစီး လာရပ်ပြီး လူ ၄ ယောက် ဆိုင်ထဲကို သေနတ်တွေနဲ့ချိန်ပြီး ဝင်ရောက်လာကြောင်း၊ ဆိုင်ထဲရှိလူတွေ လန့်ပြီး ဆိုင်အတွင်းခန်းဘက် ဝင်ရောက်ပုန်းအောင်းစဉ် မပြေးနိုင်ဘဲ ကျန်နေတဲ့ ဝန်ထမ်း ၂ ယောက်ကို သေနတ်နဲ့ချိန် ဒူးထောက်ခိုင်းကာ ဖုန်းတွေယူသွားတာလို့ ဆိုင်ရှင်ဖြစ်သူက ဒီဗွီဘီကို ပြောပါတယ်။

“ပါဂျဲယ်ရိုကား ဆိုင်ရှေ့တည့်တည့်ကို ထိုးရပ်လိုက်တာဗျ။ ပြီးတော့ သေနတ်တွေချိန်ပြီး ဆိုင်ထဲဝင်လာတယ်၊ ဘာဖြစ်မှန်းမသိတော့ ကျနော်တို့လည်း ထွက်ပြေးကြတာပေါ့။ ထွက်ပြေးလို့မရတဲ့ ဆိုင်ဝန်ထမ်းနှစ်ယောက် အထဲမှာကျန်ခဲ့တယ်။ သူတို့ကို သေနတ်နဲ့ချိန်ပြီးတော့မှ အိတ်တွေတောင်းတယ်၊ ပြီးတော့ ဖုန်းတွေထည့်ပြီး ယူသွားတယ်။ ကြာချိန်က ၁၀ မိနစ်လောက်ပဲရှိမယ်။ ဈေးဝယ်သူ ၂ ယောက်ဝင်လာပြီး အထိတ် တလန့် ပြန်ထွက်သွားတော့ သူတို့လည်း ကမန်းကတန်း ပြန်ထွက်သွားကြတယ်။ မဟုတ်ရင် ဆိုင်ထဲရှိတာ အကုန်ယူသွားမယ့်ပုံပဲ။ ၄ နာရီလောက် မှာ သူတို့ပြန်ထွက်သွားတယ်။”

ဓားပြတွေဟာ ကင်မရာ ၃ လုံးပါ အဆင့်မြင့်ဖုန်း အကောင်းစားတွေ အကုန်ယူဆောင်သွားကြောင်း၊ အိုင်ဖုန်း အလုံး ၅၀ ကျော် ပါသွားတာမို့ ခန့်မှန်းခြေ တန်ဖိုး ကျပ်သိန်းပေါင်း ၈၀၀ နဲ့ ၁,၀၀၀ ကြားမှာရှိနိုင်ကြောင်း၊ လူကိုတော့ ဘာမှလုပ်မသွားဘူးလို့ ဆိုပါတယ်။

စီစီတီဗွီကင်မရာမှ ပြန်ကြည့်တော့ အဲဒီပါဂျဲရိုးကားနံပါတ်မှာ 9L/5987 ဖြစ်ပြီး သူတို့ဝင်မလာခင် ရှေ့က လူတယောက် ဆိုင်ရှေ့မှာ မသင်္ကာစရာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတာ တွေ့ရတယ်လို့ ဆိုင်ရှင်က ပြောပါတယ်။

သူဟာ ဆိုင်ဓားပြတိုက်ခံရကြောင်း လိုက်ဖ်လွှင့်ခဲ့ပြီး ခဏအကြာ ရဲတွေရောက်လာကာ စစ်ဆေးမှတ်တမ်းတင်သွားတယ်လို့ ဆိုပါတယ်။

ဒီကနေ့ထိ ရဲဘက်က ဘာတွေဆောင်ရွက်ပေးနေလဲဆိုတာ မသိရကြောင်း၊ မူဆယ်မှာ ခိုးမှု၊ ဓားပြမှုတွေ မကြာခဏဖြစ်နေပြီး ရဲဘက်က တ ရားခံကို ဖမ်းမိလေ့မရှိတာကြောင့် ပစ္စည်းတွေ ပြန်ရဖို့လည်း မမျှော်လင့်တော့ကြောင်း၊ ဒီဆိုင်လေးဖြစ်လာဖို့ သုံးလေးနှစ်ကြာ ကြိုးစားရှာဖွေလာခဲ့တာ ခုလိုဖြစ်သွားတော့လည်း အစကနေ ပြန်စရတော့မယ်လို့ ဆိုင်ရှင်က ပြောသွားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s