မဲခေါင်သတင်းဌာန အလွတ်တန်းသတင်း ထောက် မောင်မျိုး ဖမ်းဆီးခံရ၊ အကြမ်းဖက် ပုဒ်မ ၅၂ (က) ဖြင့် အမှုဖွင့်ခံရ

မဲခေါင်သတင်းဌာနအပါအဝင် သတင်းဌာနများသို့ သတင်းပေးပို့နေသည့် အလွတ်တန်းသတင်းထောက် မောင်မျိုး (ခ) မောင်မောင်မျိုးကို မေလ ၁၀ရက် ည ၆နာရီခန့်က ဘားအံမြို့၊ သံလွင်တံတားတွင် စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။
မြဝတီမြို့မှ မန္တလေးမြို့သို့ သွားသည့် ခရီးသည်တင် ယာဉ်တစ်စီးအား စစ်ကောင်စီပူးပေါင်းအဖွဲ့က သံလွင်တံတားတွင် စစ်ဆေးရာ မောင်မောင်မျိုး၏ လက်ကိုင်ဖိုင်းအတွင်းရှိ Facebook အကောင့်တွင် မျှဝေထားသည့် သတင်းများကို တွေ့ရှိရာမှ ဖမ်းဆီးသွားခြင်း ဖြစ် ကြောင်း ဘားအံအုပ်ချုပ်ရေးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
မောင်မောင်မျိုး၏ လက်ကိုင်ဖုန်းအတွင်းမှ Maung Maung Myo (ဇာတ်ဆရာ) အမည်ရှိ ဖေ့စ်ဘွတ်အကောင့်တွင် မဲခေါင်သတင်းဌာနမှ သတင်းများကို ပြန်လည်မျှဝေထားခြင်း၊ PDFများနှင့် ဆက်သွယ်သတင်းရေးသားခြင်း၊ နိုင်ငံရေးသတင်းများနှင့် လေးကေကော်တိုက်ပွဲ သတင်းများရေးသားခြင်းတို့ကြောင့်ဟုဆိုကာ ဖမ်းဆီးစစ်ဆေးနေကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
မောင်မောင်မျိုးကို အကြမ်းဖက် ပုဒ်မ ၅၂ (က)ဖြင့် အမှုဖွင့်လှစ်ထားပြီးမည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကိုလည်း မသိရသေးပေ။ khit thit