မွန်ဝန်ကြီးချုပ်ကို စွပ်စွဲထားသည့် ရွေး ကောက် ပွဲအမှု ဆက်လက်စစ်ဆေး

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုအတွက် မေလ ၁၀ ရက်နေ့က မော်လမြိုင်မြို့နယ်တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားနဲ့နီးစပ်သူတွေက ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) နဲ့ အမှု တစ်မှု၊ ပုဒ်မ ၁၇၁ (စ)နဲ့ အမှု နှစ် မှု စုစုပေါင်း အမှု ၃ မှုနဲ့ တရားစွဲဆိုထားတာပါ။
ဒီရုံးချိန်းမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဘက်က တင်သွင်းထားတဲ့ တရားခံပြ သက်သေ တယောက်ကို စစ်ဆေးမေးမြန်းခဲ့တာ ဖြစ်ပြီး ရုံးချိန်းလာတဲ့ ဝန်ကြီးချုပ်လည်း ကျန်းမာရေးကောင်းမွန်တယ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် လာမယ့် ရုံးချိန်းကို မေလ ၁၇ ရက်နေ့ကို ချိန်းဆိုခဲ့တာ ဖြစ်ပြီး အမှုဖြစ်စဉ်အရ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ရွေး ကောက်ပွဲအမှုတွေကို အခုလအတွင်း အပြီးသတ်အမိန့်ချမှတ်သွားဖို့ ရှိတယ်လို့ တရားနဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။
တဖက်မှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု အမှု ၉ မှု ထပ်မံ ရင်ဆိုင်နေရသလို အဲဒီအမှုတွေအ တွက် ပြင်ဆင်ချက် လျှောက်ထားရာမှာလည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက ပယ်ချထားတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို စစ်ကောင်စီက နိုင်ငံ့ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ၅၀၅(ခ)ဖြင့် ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားတာပါ။
လက်ရှိမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။DVB