ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာ ငါးမိုင် တိုးဂိတ်အနီး စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့ အနောက်မြောက်ဘက် မုံရွာ-ယာကြီး လမ်းမပေါ် ရှိ ငါးမိုင် တိုးဂိတ် အနီး ကင်းလှည့်နေသည့် စစ်ကောင်စီ တပ်သားများ ယနေ့ မေလ ၁၀ ရက် မွန်းလွဲပိုင်း ၂ နာရီတွင် မိုင်းဆွဲ တိုက်ခိုက် ခံရသည်။
”ဘန့်ဘွေးကျေးရွာ ကနေ ထွက်ပြီး ကင်းပတ်နေတဲ့ စစ်သားတွေကို နှစ်လုံးပူး ပဒေသာမိုင်း နှစ်လုံး ကျွေးခဲ့ပါတယ်။ အချိန်ကတော့ ၂ နာရီ အတိမှာပါ။ စစ်ကောင်စီ တပ်သား ငါးဦး နေရာတင် အသက် ထွက်သွားပါတယ်။ ပြီးတော့မှ အလုံးအရင်းနဲ့ အလောင်း လာကောက်နေကြတာ တွေ့မြင် လိုက်ရပါတယ် ” ဟု ဒေသခံ ကာကွယ်ရေးအဖွဲ့ ရဲဘော်က ပြောသည်။
ဘန့်ဘွေးကျေးရွာ တွင် စစ်ကောင်စီ တပ်သားများ တပ်စွဲပြီး မုံရွာ-ယာကြီး လမ်းမပေါ်တွင် ကူးသန်း သွားလာနေသည့် ပြည်သူပိုင် ကားများထံမှ ဆက်ကြေး အဆမတန် တောင်းရန်း ကောက်ယူမှုများလည်း ရှိနေသည်ဟု ဆိုသည်။ mizzima