အကြမ်းဖက်ပုဒ်မများဖြင့် မတရားစွပ်စွဲဖမ်း ဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူ ပုသိမ်အကျဥ်းထောင် တွင် မီးဖွား

ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသားများအနက် စစ်ကောင်စီတပ်များက PDF နှင့်ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသည့် မထက်ထက် မေလ ၁ ရက် နေ့က ပုသိမ်အကျဥ်းထောင်အတွင်း၌ သမီးမိန်းကလေးမွေးဖွားခဲ့ကြောင်း အကျဥ်းထောင်ဝန်ထမ်းတစ်ဦး ထံကသိရသည်။
ကန်ကြီးထောင့်မြို့နယ် ညောင်ပင်ကြီးကုန်းကျေးရွာတွင်နေထိုင်သည့် မထက်ထက်နှင့် ခင်ပွန်းဖြစ်သူ ကိုစိုးမင်းထွန်းတို့အား PDF များနှင့်အ ဆက်အသွယ်ရှိသည်ဟု မတရားစွပ်စွဲကာ ၂၀၂၁ ခုနှစ် စက်တင် ဘာလ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထို့နောက် ၎င်းတို့နှစ်ဦးကို စစ်ကောင်စီတပ်များက အကြမ်းဖက်ပုဒ်မများဖြင့် တရားစွဲဆိုကာ ပုသိမ် အကျဥ်းထောင်တွင် အကျဥ်းချထားပြီး ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့တွင် သမီးမိန်းကလေး အေသင် နွေဦးကို မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
“မထက်ထက်ကို ပုဒ်မ ၅၀(ည)နဲ့ တရားစွဲပြီး သူ့အမျိုးသား ကိုစိုးမင်းထွန်းကို ပုဒ်မ ၅၂(က)၊ ၅၀(ည) နှစ်မှု နဲ့ စစ်ကောင်စီက တရားစွဲထားတာပါ။ ကိုစိုးမင်းထွန်းရဲ့ မိသားစုဝင်တချို့လည်း ပုသိမ်ထောင်မှာ အဖမ်းခံ ထားရတယ်လို့ သိရတယ်။ သူတို့အားလုံး ကျန်းမာရေးကောင်းပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် ပုသိမ်အကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်း သား ၃၀၀ ကျော်နှင့် အကျဥ်းသူ ၅၀ နီးပါးရှိနေသည်ဟုသိရပြီး ထောင်တွင်းတရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့သူ ၁၀၀ ကျော်ရှိကြောင်း ပုသိမ်အကျဉ်းထောင်ဝန်ထမ်း၏ အဆိုအရ သိရသည်။ mizzima