အာဆီယံက PDF ကို အကြမ်းဖက်အဖွဲ့ အဖြစ် ဥပဒေပြု လက်မှတ်ရေးထိုးတယ်ဆိုတဲ့ သ တင်း မှား ဖြန့်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များသည် အာဆီယံ၏ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနှင့် ငြိစွန်းသည့်အတွက် အပြီးသတ်ချေးမှုန်းရန် အာဆီယံ အတွင်းတွင် ဥပဒေပြု လက်မှတ်ရေးထိုးနိုင်ခဲသည် ဆိုသည့် သတင်းပို့စ်တစ်ခုကို မိုးတိမ်ကဗျာ ဆိုသည့် Facebook အကောင့်ပိုင်ရှင်မှ “ချစ်သော အမျိုးများ ၁၃၅
” ဟူသည့် Facebook Group တွင် မေလ ၄ ရက်နေ့၌ တင်ဆက်ထားသည်။
မိုးတိမ်ကဗျာဆိုသူမှ “နိုင်ငံ ..၉..နိုင်ငံပါဝင်တဲ့..အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ..PDF.. အဖွဲ့အား အကြမ်း ဖက်အဖြစ်လက်မှတ်ရေးထိုး သဘောတူညီပြီးဖြစ်ပါသဖြင့် အာဆီယံအကြမ်းဖက်ဥပဒေနှင့်ပါ ထပ်မံငြိစွန်းခဲ့ ပြီး ၎င်းအကြမ်းဖက်များအား ရှာဖွေဖမ်းစီးရန် ဝရမ်းအမိန့်ကို မြန်မာနိုင်ငံ နိုင်ငံတော်ဝန်ကြီး ချုပ်..လက်မှတ်ရေး ထိုး ၍ပေးပို့ခဲ့ပါသည်။ ယခု ရှာဖွေရှင်းလင်းရန် စစ်ဆင်ရေးစီမံကိန်း ရေးဆွဲအကောင်ထည်ဖော်ဆောင်ရွက်တော့ မည် ဖြစ်ကြောင်း PDF…အကြမ်းဖက်ကို အပြီးသတ်ချေမှုန်းရန်ဥပဒေပြု လက်မှတ်ရေး ထိုးနိုင်ခဲ့ ပြီဖြစ်ပါသည်” ဟု (မူရင်းအရေးအသားအတိုင်း) ရေးတင်ထားသည်ကို တွေ့ရသည်။
အဆိုပါ ရေးသားမှုသည် သတင်းအမှား တစ်ခုသာ ဖြစ်သည်။
PDF များသည် အာစီယံ၏ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနှင့် ငြိစွန်းမှု မရှိသကဲ့သို့ အပြီးသတ်ချေမှုန်းရန် အာဆီယံ အတွင်းတွင် ဥပဒေပြု လက်မှတ်ရေးထိုးနိုင်ခဲ့သည်မှာလည်း မဟုတ်ပေ။
တစ်ဖက်မှ ကြည့်မည်ဆိုလျှင်လည်း အာဆီယံအနေဖြင့် PDF များကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန် နေနေသာ လက်ရှိအချိန်တွင် အာဆီယံ အဖွဲ့ဝင်ဖြစ်သည့် မလေးရှားနိုင်ငံမှ PDF များကို ဖွဲ့စည်း ပေးထားသည့် အမျိုးသားညီညွတ်ရေး အစိုးရ NUG နှင့် ထိတွေ့ဆက် ဆံရန် အာဆီယံကို အဆိုပြု သွားမည် ဟူသည့် ပြောဆိုမှုကို ကြည့်မည်ဆိုလျှင် “မိုးတိမ်ကဗျာ” ဆိုသူ ရေးသားသကဲ့သို့ PDF များကို အာဆီယံမှ အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ပြီး ချေ မှုန်းမည်ဆိုခြင်းမှာ မဖြစ်နိုင်ဟု သိနိုင်သည်။
ထို့အပြင် မိုးတိမ်ကဗျာဆိုသူ ယခု ရေးသားဖြန့်ဝေနေသည့် သတင်းပို့စ် သည် ယခုချိန်မှ ဖြန့်ဝေနေခြင်း မဟုတ်ဘဲ ၂၀၂၁ ခု နှစ်ကတည်းက စစ်ကောင်စီ ထောက်ခံသူများနှင့် အမျိုးသားအရေး လှုပ်ရှားသူများက ရေးသားဖြန့်ဝေထားသည်ကို တွေ့ရသည့်အပြင် သတင်းအမှားများကို စိ စစ်ရေးသားနေသည့် အဖွဲ့အစည်း များကလည်း သတင်းအမှား ဖြစ်ကြောင်း ရေးသား အတည်ပြုခဲ့ကြသည်ကို တွေ့ရသည်။
ယခုသတင်းနဲ့ ပတ်သက်၍ သတင်းအမှားများကို စိစစ်ရေးသားနေသည့် BOOM Myanmar မှ သတင်းအမှား ဖြစ် ကြောင်း စိစစ်ရေးသားထားသည့် သတင်းကို ဤနေရာတွင် https://bit.ly/3whDqIx ဝင်ရောက်ကြည့်ရှုနိုင်ပြီး BNI အဖွဲ့ဝင်ဖြစ်သည့် Khonumthung Media Group မှ ရေးသားထားသည့် သတင်းကိုလည်း ဤနေရာတွင် https://bit.ly/39AYjGI တွေ့နိုင်ပါသည်။
အာဆီယံမှ မြန်မာနိုင်ငံအကြောင်း ဆွေးနွေးရာတွင် ၂၀၂၁ ခုနှစ် ဧပြီလ က ပြုလုပ်ခဲ့သော ဆွေးနွေးချက်အရ အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် ဘုံသဘောတူညီမှု ငါးချက်ကိုသာ ဦးတည်ဆွေးနွေးနေခဲ့သည်။ ထို့ပြင် NUG ကို လည်း နောက်ယောင်ခံ အစိုးရ ( Shadow Government ) ဟုသာ သုံးနှုန်း သုံးစွဲသည်။ အာဆီယံမှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအပေါ် သီးသန့် မှတ်ချက်ပြုခြင်း၊ ဥပဒေပြု လက်မှတ်ရေးထိုးခြင်းများ မရှိခဲ့ပေ။
ဒါကြောင့် အချက်အလက်များကို တိုက်စစ်ခဲ့ရာ “မိုးတိမ်ကဗျာ” ဆို၏ ရေးသားမှုသည် သတင်း အမှန်မဟုတ်ဘဲ လိမ်ညာဝါဒဖြန့်ရန်အတွက် ရည်ရွယ်ချက်ရှိရှိ ဖန်တီးရေးသားထားသည့် သတင်းအမှားသာ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
မိုးတိမ်ကဗျာဆိုသူ၏ ရေးသားမှုကို စစ်တပ်ထောက်ခံသူ အသိုင်းအဝိုင်းများ၏ Group များတွင် ထပ်ဆင့်ဖြန့် ဝေနေသည်ကို တွေ့နိုင်သကဲ့သို့ တစ်ဦးတစ်ယောက်ချင်းစီ အနေဖြင့်လည်း အများအပြား ဖြန့်ဝေနေသည်ကို တွေ့ရသည်။
လက်ရှိ နိုင်ငံရေး မတည်မငြိမ်သည့် ကာလတွင် သတင်းအမှား ဖြန့်ဝေသူများက စာဖတ်သူများ၏ အတွေးအခေါ်များ အမြင်များ ဝေဝါးသွားရန် ပြုလုပ်လျက်ရှိပြီး အထူးသဖြင့် ယခုအချိန်တွင် PDF ၊ CRPH ၊ NUG အဖွဲ့များနှင့် သက်ဆိုင်သည့် သတင်းအမှားများ၊ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းများနှင့် သက်ဆိုင်သည့် သတင်းအမှားများ၊ တိုက်ပွဲသတင်းများ၊ စစ်ကောင်စီ ခေါင်းဆောင်များ၏ ပြောဆိုမှု သ တင်းအမှားများ အပြင် လူမျိုးတစ်မျိုးနှင့် တစ်မျိုး အဖွဲ့အစည်း တစ်ခုနှင့်တစ်ခု ပဋိပက္ခ အသွင်ဆောင်စေမည့် အမုန်းစကား သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေသည်ကို တွေ့ရသည်။
ထို့ကြောင့် လူမှုကွန်ရက်ပေါ်တွင် သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတစ်ခုကို ဖတ်ပြီး ဖြန့်ဝေတော့မည်ဆိုလျှင် သတင်းအမှား/ အမှန် ကို အတည်ပြုပေးနိုင်သည့် သတင်းဌာနများမှ တင်ဆက်ထားသည့် သတင်းများဖြင့် အသေအချာစီစစ်ပြီးမှသာ ပြန်လည် ဖြန့်ဝေကြစေလိုသည်။ mizzima