မင်းတပ်မြို့နယ်၌ တပ်ရင်းဆေးခန်းနှင့် စာ ကြည့်တိုက် ဖွင့်နိုင်ခဲ့ဟု CDF-Mindat ထုတ်ပြန်

ချင်းပြည်နယ်တောင်ပိုင်း ၊ မင်းတပ်မြို့နယ်ရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၏ ထိန်းချုပ်နယ်မြေ တစ်နေရာ၌ တပ်ရင်းဆေးခန်းနှင့် စာ ကြည့်တိုက် ဖွင့်လှစ်ခဲ့ကြောင်း သိန်းငှက် တပ်ရင်း (၁) CDF-Mindat က ယနေ့ မေလ ၁၀ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။
မိုးရာသီ ရောက်ရှိပြီဖြစ်ရာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် ပြည်သူများ နာမကျန်း ဖြစ်ပါက ဆေး အမြန် ကုသနိုင်ရန် ရည်ရွယ်သည်ဟု ဆိုထားသည်။ ဆေးဝါးများ ဈေးနှုန်း မြင့်မားခြင်းကြောင့် ဆေးဝါး အပြည့်အစုံ မတတ်နိုင်သေး၍ အရေးပေါ် ဆေးဝါးများသာ ဦး စားပေး ထားရှိကြောင်း သိန်းငှက် တပ်ရင်း (၁) က တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
“ အဓိက တော့ မိုးရာသီ ရောက်ရှိ လာပြီ ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးတွေ ခက်တော့ ပြည်သူတွေ အနေနဲ့ အသေးစား ဖျားနာ ထိခိုက်တာတွေ အရေးပေါ် ဖြစ်တာတွေကို မြန်မြန် ကုပေးနိုင်ဖို့ပါ။ စာကြည့်တိုက်လေးဟာ ဆိုရင်လည်း ရဲဘော်တွေ အားလပ်ချိန်တွေမှာ စာအုပ်တွေ ဖတ်စေဖို့နဲ့ ပြည်သူတွေ အနေနဲ့လည်း အခမဲ့ ဖတ်ဖို့ အတွက်ပါ” ဟု သိန်းငှက် တပ်ရင်း(၁) တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဆေးဝါးဝယ်ယူရန် လှူဒါန်း ပေးကြသူများနှင့် စာအုပ်များ လှူဒါန်းပေးသူ အားလုံးကို အထူး ကျေးဇူး တင်ရှိကြောင်းနှင့် ယခုလုပ်ငန်း ဆက်လည် ပတ် နိုင်ရန် သိန်းငှက် တပ်ရင်း (၁) CDF- Mindat page မှတစ်ဆင့် ဆက်သွယ် လှူဒါန်းနိုင်သည်ဟု ဆိုထားသည်။
“မိုးရာသီ ရောက်လာတော့ မှာမို့ ကျေးရွာတွေမှာ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက် လာနိုင်ပြီး နာမကျန်းမှု များပြားတတ်သလို ဆေးဝါးတွေ ရှားတတ်တာကြောင့် လှူဒါန်း ပေးလိုသူတွေကို ဖိတ်ခေါ်ပြီး လှူဒါန်းပေးသူ အားလုံးကို တပ်ရင်းက အထူး ကျေးဇူးတင်ရှိ ပါတယ်ဗျ” ဟု သိန်းငှက် တပ်ရင်း(၁) တာဝန်ရှိသူက ဆိုသည်။ mizzima