Monthly Archives: May 2022

စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများကို အကြမ်းဖက် အဖြစ် ပုံဖော်သည့် IEP အစီ ရင် ခံစာ ကမ္ဘာတစ်ဝန်းမှ ပညာရှင်နှင့်သုတေသီ ၁၀၀ ကျော်က ဝိုင်ဝန်းကန့်ကွက်၍ တရားဝင် ပြန်လည်ရုပ်သိမ်းကြောင်း ကြေညာ၊ စစ်ကောင်စီ ၏လုပ်ရပ်များ အကြမ်းဖက်နေဟု ပညာရှင်များအားလုံးက တညီတညွတ်တည်းထောက်ပြ

အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်သည့် အတိုက်အခံအဖွဲ့အစည်းများကို အကြမ်းဖက်ဟု ပုံဖော်ခဲ့သည့် နိုင်ငံ တကာစီးပွားရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့ (IEP)၏ Global Terrorism Index 2022 အစီရင်ခံကို ကမ္ဘာတစ်ဝန်းရှိ မြန်မာ့အရေးလေ့လာသူ ပညာရှင်များ၊ တက္ကသိုလ်၊ ကထိကများနှင့် သုတေသီ ၁၀၀ ကျော်က ကန့်ကွက်စာရေးသားပေးပို့လိုက်ရာ စာပို့ပြီး မကြာခင် မေလ ၁၁ ရက်နေ့ ထိုအစီရင်ခံစာပါ မြန်မာနိုင်ငံအပိုင်းကို ပြန်လည်ရုပ်သိမ်းလိုက်ရကြောင်း သိရှိရသည်။

ထိုအစီရင်ခံစာတွင် အကြမ်းဖက်မှုကြောင့် လူအသေအပျောက်တိုးလာသည့်နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် အကြမ်း ဖက်မှုကြောင့် သေဆုံးသူ ၂၄ ဦးသာ ရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ၅၂၁ ဦးအထိ ရှိလာကြောင်း၊ သေ ဆုံးသူ ထက်ဝက်ကျော်အတွက် စစ်အစိုးရ ဆန့်ကျင်ရေးလက်နက်ကိုင်အုပ်စုများတွင် တာဝန်ရှိကြောင်း၊ သေဆုံးသူအများစုမှာ အစိုးရဝန်ထမ်းနှင့် စစ်သားများဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်အစိုးရ ဆန့်ကျင်ရေးတပ်များ တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များကို “အကြမ်း ဖက် မှုကြောင့် သေဆုံးသူများ” အဖြစ် ပုံဖော်ထားကြောင်း၊ ဥပ မာအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် သေနတ်သမားများ သတ်ဖြတ်ခဲ့သည့် စစ်သား ၄၀ ဦးနှင့် မကွေးတိုင်းဒေသကြီးအတွင်း မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၃၀ ဦးသေဆုံးသည့် ဖြစ်စဥ်များကို ရည်ညွန်းထားသည်။

IEP ၏ အစီရင်ခံစာသည် နိုင်ငံတကာပညာရှင်များ ယေဘုယျသတ်မှတ်ထားသည့် အကြမ်းဖက်မှုဆိုသည့် အဓိပ္ပာယ်နှင့် ကွဲလွဲရုံမက သူ့ကိုယ် ပိုင် အဓိ ပ္ပာယ် နှင့်ပါ ဆန့်ကျင်နေကြောင်း၊ မြန်မာ့အတိုက်အခံအင်အားစုများသည် နိုင်ငံ တကာဥပဒေများ၊ ဂျီနီဗာကွန်ဗန်းရှင်းဘောင်များအတွင်းရှိနေသမျှနှင့် နိုင်ငံရေးအပြောင်းအလဲဖြစ်ရန်ရည်ရွည်ချက်ဖြင့် စစ်ရေးပစ်မှတ်များနှင့် ယန္တရားများကို ပစ်မှတ်ထားသမျှကာလပတ် လုံး သူတို့သည် “ပြောက်ကျား” စစ်ဆင်ရေး အဓိပ္ပာယ်အတွင်း အကျုံး၀င်ကြောင်း၊ သို့သော် ပြည်သူများအား အကြောက်တရားလွမ်းမိုးစေရန်နှင့် နာကြင်စေရန် တမင်ပစ်မှတ်ထားသည့် အာဏာသိမ်းစစ်ကောင်စီသာလျှင် “အကြမ်းဖက်” အဓိပ္ပာယ်နှင့် ကိုက်ညီကြောင်း ထောက်ပြထားကြောင်း သိရှိရသည်။

တရားဝင် စစ်ဖက်ပစ်မှတ်များကို တိုက်ခိုက်နေသည့် လက်နက်ကိုင်တော် လှန်ရေးအဖွဲ့များကို အကြမ်းဖက်သမားများအဖြစ် ဖော်ပြခြင်းသည် ပညာရပ်ရှု ထောင့် အရ မှားယွင်းရုံသာမက မြန်မာစစ်တပ်၏ အကြမ်းဖက်မှုကို အားပေးသည့်အတွက် ကျင့်ဝတ်အရ ယိုယွင်းပျက်ပြားလျက် ရှိကြောင်း ထိုစာက ဝေဖန်ထားကြောင်း သိရှိရသည်။

IEP အစီရင်ခံစာသည် နိုင်ငံရေးအရလည်း ပြဿနာ ဖြစ်လာစေပြီး စစ်အစိုးရ ဆန့်ကျင်သူ ပြောက်ကျားများ၏ လွတ်မြောက်ရေးဆောင်ရွက်မှုကို ဥပဒေမဲ့ အကြမ်းဖက်မှုအဖြစ် ပြောင်းလဲပုံဖော်ခဲ့ပြီး၊ တစ်ဖက်တွင် စစ်အစိုးရ၏ ဝါဒဖြန့် စည်းရုံးမှုဖြစ်နေကြောင်း၊ အကျိုးဆက်အနေ ဖြင့် ထိုအစီရင်ခံစာသည် ဒီမိုကရေစီနည်းလမ်းအရ ရွေးချယ်ထားသည့် အစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းယူခဲ့သည့် စစ်တပ်ကို တရားဝင် အသိအမှတ်ပြုရာ ရောက်သွားခဲ့ကြောင်း ပါရှိသည်။

ထိုသို့ ပညာရပ်ပိုင်းဆိုင်ရာ မှားယွင်းနေရုံမက ကျင့်ဝတ်ပိုင်းအရ ချွတ်ခြုံကျနေပြီး နိုင်ငံရေးအရလည်း ပြဿနာရှိသည့် ထိုအစီရင်ခံစာကို ရုပ် သိမ်းရန် (သို့မ ဟုတ်) မြန်မာအပိုင်းကို ပြန်ပြင်ရန်နှင့် မြန်မာအတိုက်အခံများကို လူသိရှင်ပြား ပြန်လည်တောင်းပန်ရန် မေလ ၁၁ ရက်နေ့က ရေးသားပေးပို့ခဲ့ခြင်းဖြစ်သည်။

ထိုစာ၏ ထူးခြားချက်မှာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရများသည် မြန်မာ့တော်လှန်ရေးကို မယ်မယ်ရရ ထောက်ခံကူညီခြင်းမရှ်ိဘဲ အာဏာသိမ်းစစ်ကောင်စီဘက် ယိုင်းနေချိန်တွင် နိုင်ငံအသီးသီး တက္ကသိုလ်အသီးသီးမှ ပညာရှင်များက အတိုက်အခံများဘက်မှ တခဲနက် ရပ်တည်ပြခဲ့ခြင်းဖြစ်သည်။

ထိုပညာရှင်များထဲတွင် မြန်မာပြည်ဒီမိုကရေစီတိုက်ပွဲတလျှောက် အတိုက်အခံများဖက်မှ ရပ်တည်ခဲ့သည့် ပညာရှင်များသာမက ဦးနေ၀င်းနှင့် ဗိုလ်ချုပ်သန်းရွှေခေတ်အဆက်ဆက် စစ်အစိုးရကို ကာကွယ်သူဟု လူသိများသည့် နာမည်ကျော် မြန်မာ့အရေးကျွမ်းကျင်သူ ပညာရှင်များပါ ပါ၀င်နေသည်။

ထိုကန့်ကွက်စာရေးပို့ပြီး မကြာခင်မှာပင် IEP သည် အဆိုပါအစီရင်ခံစာပါ မြန်မာအပိုင်းကို ရုပ်သိမ်းကြောင်း ကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံနှင့် ဆိုင်သည့် အပိုင်းကိုဖြုတ်လိုက်သည်ဟု ထုတ်ပြန်ထားသော်လည်း Index တွင် မြန်မာနိုင်ငံကို ဖော်ပြထာသည့် အဆင့်သည် အကြမ်းဖက် စစ်ကောင်စီကိုဘက်လိုက်ပြီး တော်လှန်ရေးအင်အားစုများ၏ ပျောက်ကျားစစ်ကို တဖက်သတ် ပုံဖျက်ထားသည့် အချက် အ လက်များကို ဆက်လက်သုံးစွဲထားခြင်း ရှိမရှိကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ khit thit

ဒါရိုက်တာမိုက်တီး အင်းစိန်အကျဉ်းထောင်အတွင်း အိပ်မပျော်သည့် ဝေဒနာခံစားနေရ၊ အူမကြီးကင်ဆာရောဂါ ဆေးကုသရန်လိုအပ်နေ

ဒါရိုက်တာမိုက်တီးကို စစ်ကောင်စီက ပုဒ်မ (၅၀၅) -ကဖြင့် တရားစွဲဆိုထားရာ ၎င်းအနေဖြင့် အင်းစိန်ထောင်အတွင်း အိပ်မပျော်သည့် ဝေဒနာကို ခံစားနေရပြီး နဂိုရှိရင်းစွဲ အူမကြီးကင်ဆာ ရောဂါအတွက်လည်း ဆေးဝါးကုသရန် လိုအပ်နေသည်ဟု ထောင်တွင်းသတင်း အရင်းအမြစ် တစ်ဦးက ပြောသည်။

ဒါရိုက်တာမိုက်တီးကို စွဲဆိုထားသော ပုဒ်မအတွက် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်(CMP) အရ ရက်ပေါင်း ၉၀ အတွင်း အမှုအား အပြီးသတ် စစ် ဆေးရန် လျာထားသည်ဟု သိရသည်။

ပြီးခဲ့သော မေလ ၉ ရက်က ဒါရိုက်တာမိုက်တီးအား အင်းစိန်အကျဉ်းထောင် သီးသန့်တရားရုံးတွင် (၈) ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီး ၎င်း၏ လက်ကိုင်ဖုန်းအား သိမ်းဆည်းစဉ်က ရှာဖွေပုံစံတွင် သက်သေလက်မှတ် ရေးထိုးခဲ့သူနှစ်ဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းအမှုအတွက် ရုံးချိန်းကို မေလ ၁၆ ရက် သို့ ပြန်လည်ချိန်းဆိုထားပြီး တရားလိုပြ သက်သေ ခုနှစ်ဦး တင်ပြထားကြောင်း သိရသည်။

“ သူက ညဘက်တွေ အိပ်မပျော်ဘူးပြောတယ်။ အိပ်လိုက်နိုးလိုက်နဲ့ပေါ့။ ရောဂါအခံကလည်းရှိနေတော့ ဆေးသောက်နေရတယ်။ အူမကြီးကင်ဆာလည်းရှိတော့ သူ့အိမ်က ပို့နေတဲ့ ကင်ဆာဆေးတွေလည်း ဆေးပတ်လည်အောင်သောက်နေရတယ်။ ကျန်းမာရေးကတော့ ကျန်တာထွေထွေထူးထူးမရှိဘူး။ သူ့အိမ်ကလည်းအူမကြီး ကင်ဆာရောဂါ အတွက် စိတ်ပူနေကြတယ်” ဟု သတင်းအရင်းအမြစ်က ဆိုသည်။

၎င်း၏ မိသားစုဝင်တစ်ဦးကလည်း ဒါရိုက်တာမိုက်တီး၏ ကျန်းမာရေးအတွက် စိတ်ပူကြောင်း၊ ကင်ဆာဆေးအတွက် အပတ်စဉ် ပုံမှန်ပေးပို့နေရသည်ဟု ပြောကြားသည်။

ဒါရိုက်တာမိုက်တီးသည် သူ၏ ကိုယ်ပိုင် ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ရေးသားတင်ခဲ့သော အကြောင်းအရာတစ်ခုအတွက် တာမွေမြို့နယ် ရဲစခန်းက ၂၀၂၁ ခုနှစ် မတ်လအတွင်း ဖမ်းဆီး၍ ပုဒ်မ (၅၀၅)-က ဖြင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။

၎င်းအနေဖြင့် ပြီးခဲ့သော ၂၀၁၈ ခုနှစ်က မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ၁၆(ဂ)ဖြင့် ဖမ်းဆီးအရေးယူခံရပြီးနောက် အူမကြီးကင်ဆာဝေဒနာ ခံစားနေရသည့်အတွက် အာမခံဖြင့် ပြန်လည်လွှတ်ပေးထားစဉ် ပြန်လည်ဖမ်းဆီး ခံခဲ့ရခြင်းလည်း ဖြစ်သည်။ mizzima

ဘီးလင်းတွင် စစ်တပ်က အရပ်သား ၁၀၀ ဖမ်းပြီး အကာအကွယ်ယူဟု KNU ပြော

စစ်ရေးတင်းမာနေသည့် မွန်ပြည်နယ်တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၁၀၀ ကျော်ကို ဖမ်းဆီးကာ စစ်ကြောင်းချီရာတွင် လူသားတံ တိုင်းအဖြစ် အသုံးချနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ပြောသည်။ 

ဧပြီလကုန်မှစ၍ အင်အား ၅၀ ခန့်ပါ စစ်သားများ၊ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များက ကရင်ပြည်နယ်၊ ဖားအံမြို့မှ မွန်ပြည်နယ်၊ ဘီးလင်းမြို့သို့ ချီတက်ရာလမ်းတွင် ထိုသို့ အသုံးပြုခြင်း ဖြစ်သည်ဟု ပြောသည်။

“အရပ်သားတွေကို အထုပ်အပိုးတွေ သယ်ခိုင်းတယ်။ အရပ်သား လေးငါးရှစ်ယောက် စစ်သားတစ်ယောက်။ စစ်ကြောင်းရှေ့က သွားခိုင်းတာလည်း ရှိတယ်။ စစ်ကြောင်းထဲမှာလည်း ထည့်ထားတာ” ဟု ပဒိုစောစိုးမြင့်က ဆိုသည်။

ဖမ်းဆီးခံထားရသည့် အရပ်သားတို့ မည်သည့်ဒေသမှ ဖြစ်သည်ကို အသေးစိတ်အတည်မပြုနိုင်သေးသော်လည်း သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ ဖားအံမြို့နယ် ပေပင်ဆိပ်၊ ဝဲပျံ၊ မဲသနခီးရွာများအပါအဝင် စစ်ကြောင်းဖြတ်ရာလမ်းတစ်လျှောက် အဖမ်းခံရသော ဒေသခံများဖြစ်သည်ဟု ၎င်းက ပြောသည်။ 

အလားတူ ဖားအံနှင့် နယ်မြေချင်းထိစပ်နေသည့် ဘီးလင်းမြို့နယ်၊ ကျောက်ဖျာရွာရှိ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသူများလည်း ဖမ်းဆီးခံရသည်ဟု သိရသည်။ ပြီးခဲ့သည့် မတ် ၈ ရက်တွင် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းကာ အသက်မပြည့်သူများအပါ အဝင် စစ်ဘေးရှောင်များကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းသည် ကျောက်ဖျာရွာမှ မြောက်ဘက် ၄ မိုင်ဝန်းကျင်ရှိ လေးကေရွာသို့ ဦးတည်ချီတက်သွားကြကြောင်း ကရင်ပြည်နယ်အခြေစိုက် KIC သတင်းဌာနက မတ် ၁၀ တွင် ရေးသားထားသည်။

စစ်ရေးတင်းမာနေသော လေးကေရွာအနီး မေ ၉ ရက်တိုက်ပွဲတွင် BGF တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားကြောင်း၊ ထို့နောက် လေးကေရွာသို့ BGF က အင်အား ၅၀ ခန့် ထပ်မံအင်အားတိုးချဲ့လျက်ရှိကြောင်း ပဒိုစောစိုးမြင့်က ပြောသည်။

ထို့ပြင် ယမန်နေ့ (မတ် ၁၀) တွင်လည်း KNUတပ်မဟာ ၁ နယ်မြေ ကျိုက်ထိုမြို့အနောက်မြောက်ဘက် ၉ မိုင်ကျော်အကွာရှိ အင်္ဂပိုရွာအနီးတွင် ကား ၅စီးပါ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ချုံခိုတိုက်ခိုက်တာ။ လက်နက်ကြီးနဲ့လည်း ပစ်တယ်။ ကားတစ်စီးကတော့ ပျက်သွားတယ်။ လက်နက်ကြီး ထိမှန်ပြီးတော့ အထိခိုက်ဒဏ်ရာရတာလည်း ရှိတယ်။ အရေအတွက်တော့ မသိရဘူး” ဟု ပဒိုစောစိုးမြင့်က ပြောသည်။

အဆိုပါ ယာဉ်တန်းသည် ပဲခူးတိုင်း ဝေါမြို့မှ တက်လာခြင်းဖြစ်ပြီး ၁၅ မိနစ်ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ၎င်းထံမှ သိရသည်။

KNU ပြောဆိုချက်နှင့် ပတ်သက်ပြီး  စစ်ကောင်စီတပ်ထံမှ တုံ့ပြန်ချက် ရနိုင်ရေးအတွက် ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရရှိသေးပေ။ myanmar now

ရှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမည့် ရှမ်းပြည်ညီလာခံဖြစ်မြောက်ရေး ဆွေးနွေး

ရှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ရည်ရွယ်တဲ့ ရှမ်းပြည်ညီလာခံဖြစ်မြောက်ရေး ဒုတိယအဆင့် တွေ့ဆုံ ဆွေးနွေးပွဲကို  မေလ ၉ ရက်မှ ၁၂ ရက်အထိ  ၄ ရက်တာ ကျင်းပပြီးစီးသွား ပြီဖြစ်ပါတယ်။

ဒီအစည်းဝေးဟာ ရှမ်းပြည်နယ်ထဲမှာရှိတဲ့ လူမျိုးစုတွေ သဘောတူလက်ခံနိုင်တဲ့ ရှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခြေခံရမယ့် အခြေခံမူနဲ့ ဖက်ဒရယ်မူရရှိရေး၊ ရှမ်းပြည်ကိုယ်စားပြုနိုင်ငံရေးစုပေါင်းဦးဆောင်မှုဖွဲ့စည်းနိုင်ရေး ၊ ရှမ်းပြည်ထဲက လူမျိုးစုတွေ သဘောတူလက်ခံတဲ့ အခြေခံမူနဲ့ဖက်ဒရယ်မူကို စုပေါင်းအကောင်အထည်ဖော်နိုင်ရေး  စတဲ့ရည်ရွယ်ချက်တွေနဲ့ ကျင်းပတဲ့ အစည်းအဝေးတရပ်ဖြစ်ပါတယ်။ 

ဒီတခေါက်ပြီးစီးသွားတဲ့ တွေ့ဆုံဆွေးနွေးပွဲကို ရှမ်းပြည်ညီလာခံဖြစ်မြောက်ရေးတွေ့ဆုံဆွေးနွေးပွဲ ဒုတိယအဆင့်လို့ ခေါ်ဆိုပြီး ရှမ်းပြည်နယ်ရှိ  တိုင်းရင်းသားလူမျိုးစုတွေ သံဃာတော်နဲ့ အရပ်ဖက် အဖွဲ့အစည်းကပုဂ္ဂိုလ်တွေ စုစုပေါင်း ၁၁၃ ဦး တက်ရောက်ဆွေးနွေးခဲ့ပါတယ် ။ 

အွန်လိုင်းပေါ်မှာပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာ ပအိုဝ်း၊ ပလောင်၊ ဓနု ၊ အင်းသား၊ ကိုးကန့်၊ လီစူး၊ အခါ၊ တောင်ရိုး၊ လားဟူ၊ ကယန်း၊ ရှမ်း နဲ့ ဝ အစရှိသော ရှမ်းပြည်အရေးစိတ်ပါဝင်စားပြီး မိမိအသိုင်းအဝိုင်း ကောင်းကျိုးအတွက်တက်ကြွလှုပ်ရှားဆောင်ရွက်နေသူ၊ လူမျိုးစုထဲက ထင်ရှား တဲ့သူ လူပုဂ္ဂိုလ်နဲ့ သံဃာတော်တွေ၊ ဥပဒေရေးရာကျွမ်းကျင်သူတွေ ပါဝင်တယ်လို့  ညီလာ ခံဖြစ်မြောက်ရေးဆွေးနွေးပွဲ ပြောခွင့်ရ ဒေါက်တာ နန်းဆိုင်ဟောင်က ဒီဗွီဘီကို ပြောပါတယ်။ 

“ရှမ်းပြည်ညီလာခံဖြစ်မြောက်ရေးအတွက် ကျမတို့ ဆွေးနွေးနေတာ အဆင့် ၄ ဆင့်ရှိပါတယ်။ ပထမအဆင့်မှာ ရှမ်းလူမျိုးတွေချည်းပါပဲ။ ဒုတိယဆင့်မှာ ရှမ်းပြည်က တိုင်းရင်းသားအားလုံး ပါဝင်တယ်။ တတိယဆင့်မှာ နိုင်ငံရေးပါတီနဲ့ လက်နက်ကိုင်အဖွဲ့တွေပါ ပါဝင်မယ်။ စတုတ္ထ ဆင့်ကတော့  အားလုံးပါဝင်တဲ့ ရှမ်းပြည်ညီလာခံကြီးကျင်းပဖို့ဖြစ်ပါတယ်။ အဲဒီညီလာခံကြီးကနေ ရှမ်းပြည်အတွက်အင်မတန်အရေးကြီးတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ချမှတ်ဖို့ ဖြစ်ပါတယ်။ ”

ပထမအဆင့် ရှမ်းလူမျိုးချင်းနားလည်မှုရပြီးတဲ့အခါမှ ဒုတိယဆင့် ရှမ်းပြည်တွင်းရှိ တိုင်းရင်းသားတွေထဲက ပါဝင်သင့်ပါဝင်ထိုက်သူတွေကို ဖိတ်ခေါ်ခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါပုဂ္ဂိုလ်တွေဟာ နိုင်ငံရေးနဲ့လက်နက်ကိုင်အဖွဲ့အစည်းထဲက မဟုတ်သလို  သက်ဆိုင်ရာလူမျိုးစုတွေက ရွေးချယ်စေလွှတ်တဲ့ ကိုယ်စား လှယ်မဟုတ်သေးဘဲ  လူပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့သာ ပါဝင်လာကာ တတိယအဆင့်နိုင်ငံရေးဆွေးနွေးပွဲမတိုင်ခင် ရှမ်းပြည်လူထုရဲ့အသံကို ဖော်ထုတ်တဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ ဆိုပါတယ်။ 

ရှမ်းပြည်ညီလာခံဟာ ဘက်ပေါင်းစုံက အင်အားတွေစုပေါင်းပါဝင်ခြင်းဖြင့် ယုံကြည်မှု တည်ဆောက်ဖို့၊ စည်းလုံးညီညွတ်မှုဖော်ဆောင်ဖို့နဲ့ ရှမ်းပြည်ထဲကပြဿနာတွေကို ဆွေးနွေး အဖြေရှာဖို့ ဆုံရပ်လည်းဖြစ်ပါတယ်။

ဒါ့အပြင် ရှမ်းပြည်ကိုယ်စားပြုနိုင်ငံရေးစုဖွဲ့မှုတစ်ရပ် ပေါ်ထွန်းလာရေး ရည်ရွယ်ထားတဲ့ အလျှောက် ရှေ့ဆက်ဆောင်ရွက်သွားမယ့်အဆင့်တွေမှာ ဘက်ပေါင်းစုံပါဝင်လာဖို့ ရှမ်းပြည်ထဲက လူမျိုးပေါင်းစုံ ၊အလွှာအဆင့်အသီးသီး ၊ အဖွဲ့အစည်းတွေကို ရှေ့ဆက်လာမယ့် ဆွေးနွေးပွဲအဆင့်တွေမှာ ပါဝင်နိုင်ဖို့  ရှမ်းပြည်ညီလာခံဖြစ်မြောက်ရေးကော်မတီက ဖိတ်ခေါ်ထားပါတယ်။  DVB

ပုဇွန်တောင်မြို့နယ် ကြံ့ခိုင်ရေးပါတီရုံးတွင် ပေါက်ကွဲမှုဖြစ်ပွါး

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ အောက်ပုဇွန်တောင်လမ်းမရှိ ကြံ့ခိုင်ရေးပါတီရုံးတွင် မေလ ၁၂ ရက်နေ့ ညနေ ၄နာရီ အချိန်ခန့်တွင် ပေါက် ကွဲမှုဖြစ်ပွါးခဲ့ကြောင်း ဒေသခံများ၏ အပြောအရ သိရသည်။

“ကြံ့ခိုင်ရေးရုံးမှာ ပေါက်တာ၊အဲ့နားမှာNLD ရုံးဟောင်းလည်း ရှိတယ်၊ လူထိခိုက်မှုတော့ မကြားဘူး၊ဗုံးပစ်သွားတဲ့ လူတွေလည်း လွတ်သွားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

ပေါက်ကွဲမှု အပြီးတွင် စစ်ကောင်စီတပ်ဖွဲ့က အနီးအနားတွင် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိပြီးနောက် လမ်းပြန်လည်ဖွင့်ပေးလိုက်ပြီဟုသိရသည်။ mizzima

မန္တလေးမြို့က စစ်ကောင်စီ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို သပိတ်မှောက်ရန် သံဃသမဂ္ဂ တိုက်တွန်း

မန္တလေးမြို့မှာ စစ်ကောင်စီက ပြုလုပ်မယ့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မကြွရောက်ဘဲ ပြည်သူ့မျက်နှာကို ငဲ့ကာ သပိတ်မှောက်ပေးကြဖို့ သံဃသမဂ္ဂ ရဟန်းတော်တွေက မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ တိုင်းဒေသကြီးအစိုးရအဖွဲ့က မေ ၁၄ ရက် ကဆုန်လပြည့်နေ့မှာ သံဃာအပါး ၁၀,၀၀၀ ကျော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြုလုပ်မှာဖြစ်ပြီး သံဃထုအနေဖြင့် သပိတ်မှောက် ဆန့်ကျင်ကြဖို့ တိုက်တွန်းလျှောက်ထားတယ်လို့ သံဃသမဂ္ဂ ရဟန်းတော်တပါးက မိန့်ပါတယ်။

“အဓိကကတော့ စကစနဲ့ မပူးပေါင်းဖို့ဘဲ။ ဘာလို့ဆို ဒီလိုလုပ်လို့ ရဟန်းသံဃာတွေက ကြွသွားမယ်၊ အလှူခံမယ်ဆိုရင် ဒါ စကစနဲ့ ပူးပေါင်းသလို ဖြစ်သွားမယ်လေ။ ဦးဇင်းတို့ မပူးပေါင်းစေလိုတာကလည်း ရဟန်းသံဃာတွေကို အလှူခံမရစေချင်လို့လည်း မဟုတ်ဘူးပေါ့နော်။ လာ ဘ် လာဘကိုလည်း တားမြစ်နေတာ မဟုတ်ဘူးပေါ့။ အဓိကက နိုင်ငံရေးအကျပ်အတည်းပေါ့၊ အားလုံးတွေ့မြင်နေရတာပဲ၊ ရဟန်းသံဃာတွေလည်း တွေ့မြင်နေရတာပဲ၊ ပြည်သူတွေကို အကြမ်းဖက်နေတယ်၊ သတ်နေတယ်၊ ရွာတွေကို မီးရှို့နေတယ်၊ အိုးအိမ်တွေကို ဖျက်ဆီးတယ်၊ နောက် အဖိုးတန်တဲ့ ပစ္စည်းတွေကို လုယက်နေတယ်၊ ဘယ်သူက လုယက်တယ်ဆို စစ်အုပ်စုနဲ့ ရဲတွေက လုယက်ပြီးတော့ လုပ်နေတာလေ၊ အကြမ်းဖက်နေတာပဲလေ။ ဒါတွေကို အကုန်လုံးမြင်တဲ့အချိန်မှာ သူတို့ကိုယ်သူတို့ သူတော်ကောင်းယောင်ဆောင်ပြီးတော့ ဘာသာရေးပွဲတွေ ဘာတွေ ကျင်းပနေတာက ဒါ ဟန်ဆောင်ပန်ဆောင် အလုပ်တွေပဲ။ တကယ်တမ်းကျ သူတို့စိတ်ထဲမှာက ဒါက ဘာသာနဲ့ သံဃာကို အသုံးချချင်လို့ပဲ။”

အာဏာသိမ်းစစ်ကောင်စီက သာသနာကို ကြည်ညိုယောင် ဟန်ပြအသုံးချနေမှုကို ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြဘဲ သပိတ်မှောက် ငြင်း ပယ်ကြဖို့ သံဃသမဂ္ဂ ဆရာတော်တပါးက မိန့်ပါတယ်။

“ဦးဇင်းတို့ကတော့ ပြည်သူ့တော်လှန်ရေးဆိုတော့ ပြည်သူတွေက နဂိုတည်းက အဆုံးသတ်ကိုပဲ ခံယူချက်နဲ့ လုပ်လာခဲ့တဲ့ တော်လှန်ရေးပဲလေ။ ဒီတော်လှန်ရေး ပြီးဆုံးတဲ့ထိတော့ ဦးဇင်းတို့ သံဃသမဂ္ဂက ဆက်ပြီး ပါဝင်လို့ရတဲ့နေရာက ပါဝင်ဆောင်ရွက်နေမှာပဲ၊ လုပ်နေကြမှာပဲ။ စကစကိုတော့ ဘာလုပ်ပေးပါ၊ ဘာညာပေါ့၊ နိုင်ငံရေးအဆင်ပြေအောင် တွေ့ဆုံခွင့် ဒါတွေကို ဦးဇင်းတို့က ပြောနေမှာမဟုတ်ဘူး။ အဓိကက တော့ ပြည်သူလူထုရဲ့ တော်လှန်ရေးမှာ ဦးဇင်းတို့ သံဃသမဂ္ဂအနေနဲ့ လုပ်လို့ရတဲ့အပိုင်းက ပူးပေါင်းဆောင်ရွက်သွားမှာပဲ။”

ကဆုန်လပြည့် (ဗုဒ္ဓနေ့) မှာ စစ်ကောင်စီလက်အောက်ခံ တိုင်းအစိုးရအဖွဲ့က သံဃာ ၁၀,၂၆၄ ပါးကို ဖိတ်ပြီး ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းနဲ့ နဝကမ္မဝတ္ထုငွေ လောင်းလှူပွဲကို ကျုံးဘေးပတ်လည်က လမ်းမကြီးတွေမှာ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ ကျုံးတဖက်ဆီကို သံဃာ ၂,၅၆၆ ပါးစီ ထားရှိမယ်လို့ သိရပါတယ်။ DVB

မြင်းမူမြို့မှ အမျိုးသား ၁၅ ဦး ဘုန်းကြီး ကျောင်းတွင် ဖမ်းဆီးနှိပ်စက်ခံနေရ

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး ကားလမ်းအနီးနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က မြင်းမူမြို့နယ်၊ ညောင်ရင်းကျေးရွာကို ယနေ့ ( မေ ၁၁) နံနက်ပိုင်းက ဝင်ရောက်စီးနင်းပြီး ရွာသား ၁၅ ဦးကို ဖမ်းဆီး နှိပ်စက်နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ပြောသည်။ 

နံနက် ၅ နာရီခန့်တွင် မူးမြစ်ကမ်းပေါ်ရှိ ထိုရွာသို့ စစ်သား ၅၀ ကျော် ရောက်လာပြီး ဗိုလ်စလုံးအမည်ရှိ PDF ခေါင်းဆောင်တစ်ဦးကို လာရောက် ရှာဖွေခဲ့ကြောင်း အသက် ၄၅ နှစ်အရွယ် ရွာသားတစ်ဦးက ပြောသည်။ 

“သူတို့ ၅ နာရီ ၃၀ လောက်မှာ နေရာ ၂ နေရာလောက်ခွဲပြီး ရွာထဲဝင်တယ်။ လူတစ်ယောက်ရဲ့ အိမ်ကို လိုက်ရှာတယ်။ ယောက်ျား ၁၅ ယောက်လောက် အဖမ်းခံရတယ်။ ရွှေဘုံသာဆိုတဲ့ ဘုန်းကြီးကျောင်းထဲမှာ သူတို့ အဲဒီလူတွေကို ခါးတောင်းကျိုက်ခိုင်းပြီးတော့ ဝမ်းလျားမှောက်ခိုင်းထားတယ်။ အမျိုးသမီးတချို့ကို ထမင်းချက်ခိုင်းထားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။  

“ရွာထဲကို ဝင်တော့ ရွာသူရွာသားတွေက ဧရာဝတီမြစ်ထဲက ကျွန်းပေါ်ကို ထွက်ပြေးသွားကြတယ်။ အဲဒီပြေးတဲ့လွှားတဲ့နောက်ကို လိုက်ပြီး သူတို့ နည်းနည်းပါးပါးတော့ ပစ်တယ်။ တဲတွေထဲကို ဝင်ရှာတယ်” ဟု ၎င်းက ဆိုသည်။ 

မြင်းမူမြို့နှင့် ၃ မိုင်အကွာ ဧရာဝတီနှင့် မူးမြစ်ဆုံသည့် နေရာမှ ညောင်ရင်းကျေးရွာမှာ အိမ်ခြေ ၈၀၀ ကျော် နှင့် လူဦးရေ ၃၀၀၀ ကျော်ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်။ 

ထိုစစ်ကြောင်းမှာ ဧပြီ  ၂၉ တွင် ကန်တော်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကြောင်းဖြစ်ပြီး ယမန်နေ့ (မေ ၁၀) က Black Eagle အဖွဲ့ဝင် ၈ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းဖြစ်သည်ဟု ဆိုသည်။

“အဲဒီစစ်ကြောင်းက ကန်တော်ကို စပြီး မီးရှို့ကတည်းက ရောက်နေတာ။ အဲဒီစစ်ကြောင်းက အလ္လကပ္ပဘုရားကုန်းမှာ ထိုင်ပြီးတော့ မြောင်ကို သွားလိုက်၊ အင်အားဖြည့်လိုက်၊ လိုအပ်ရင် ဒီဘက်ကို လာလိုက်လုပ်နေတဲ့ စစ်ကြောင်းပဲ” ဟု တပ်ရင်း ၂ တပ်ရင်းမှူးက ပြောသည်။ 

အဆိုပါ စစ်ကြောင်းမှာ ယနေ့ နံနက် ၄ နာရီခန့်တွင် မြင်းမူမြို့မှ ထွက်ခွာသွားပြီးနောက် ညောင်ရင်းကျေးရွာအတွင်း ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ PDF အဖွဲ့ဝင်များက တိုက်ခိုက်ရန် လိုက်ပါခဲ့သော်လည်း လက်နက်အင်အား အခြေအနေကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ၎င်းထံမှ သိရသည်။ 

“မူးမြစ်တံတားပေါ်မှာ လက်နက်ကားတစ်စင်း မိသွားတယ်။ အဲဒီတုန်းက ကားကို လိုက်ကြည့်ပေးတဲ့ ညောင်ရင်းရွာက ကောင်မလေးတစ်ယောက် ကျဆုံးသွားတယ်။ အမိန့်စာပြန်တာတွေဘာတွေ လုပ်ကြတော့ အဲဒီမှာ သတင်းထွက်သွား တယ်ထင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အလုံး ၁၄,၀၀၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း၊ ထိုအထဲတွင် စစ် ကိုင်းတိုင်းမှ နေအိမ် ၇,၅၀၀ ကျော်ပါဝင်ကြောင်း အချက်အလက်စာရင်းပြုစုသည့် Data Of Myanmar အဖွဲ့က ယခုလ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။ 

ထိုသို့ ရွာလုံးကျွတ်မီးရှို့မှုများ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများမှာ ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်း စစ်ကောင်စီဘက်က အစဉ် တစိုက်ငြင်းဆိုလေ့ရှိသည်။ myanmar now

ကလေးတက္ကသိုလ်တွင် ကျောင်းတက်ရန် စာ ရင်းသွင်းသူ နည်းပါး

စစ်ကိုင်းတိုင်း ကလေးမြို့တွင် Covid-19 ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ပိတ်ထားရသည့် ကလေးတက္ကသိုလ် (Kalay University) ကို စစ်ကောင်စီ လက်အောက်ခံ ပညာရေး၀န်ကြီးဌာနက ယနေ့ မေလ ၁၂ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

တက္ကသိုလ်များ ဖွင့်လှစ်နိုင်ရန် ဧပြီလ ၁၈ ရက်နေ့မှ စတင်ပြီး ကျောင်းအပ်နှံမှု လက်ခံခဲ့ရာ ယနေ့ ကလေး တက္ကသိုလ်တွင် တက်ရောက်ရန် စာရင်းသွင်းသူ ပထမနှစ် ၆၀ ဦး၊ ဒုတိယနှစ် ၇၂ ဦး၊ တတိယနှစ် ၄၈ ဦးရှိပြီး ဂုဏ်ထူးတန်းနှင့် မဟာတန်းများ အတွက် စာရင်းပေးသူ ၇၈ ရှိကြောင်း သိရသည်။

“ကျွန်မ သင်ယူခဲ့တဲ့ အတန်းပညာနဲ့ ပြုစုခဲ့တဲ့ Thesis (သုတေသနစာတမ်း) တွေအားလုံးက စစ်ကောင်စီ အုပ်ချုပ်ပြီး နောက်ပိုင်း သင်ယူခဲ့တာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် စီမံခန့်ခွဲမှု အောက်မှာပဲ သင်ယူခဲ့တာပါ။ ဒါကြောင့် ကျောင်းပြီးတဲ့ထိ ဆက်တက်ပြီး ဘွဲ့ယူမယ်၊ ရတဲ့ဘွဲ့နဲ့ အလုပ်တွေ လျှောက်မယ်။ နောက်ဆုံး ဘယ်သူမှ ဒီဘွဲ့ကို အသိအမှတ် မပြုရင်တောင် အတွေ့အကြုံကနေ ရှာထားတဲ့ ပညာနဲ့ အသက်မွေး ဝမ်းကျောင်းပြုမယ် “ ဟု နောက်ဆုံးနှစ် တက်မည့် ကျောင်းသူတစ်ဦးက ပြောသည်။

၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ အနက် ကလေးတက္ကသိုလ်တွင် ပထမနှစ် တက်ရောက်ရန် စာရင်းပေးသွင်းသူ ၁၀၄ ဦးရှိကြောင်း ဆိုသည်။

“စစ်အာဏာရှင်ရဲ့ ရက်စက်မှုကြောင့် ကျောင်းတက်မယ့် အရွယ် လူငယ်တွေက လက်နက်ကိုင်တွေ ဖြစ်လာ ရပါတယ်။ စစ်ကောင်စီက ကျောင်းဖွင့်တော့ ကိုယ့်သူငယ်ချင်း၊ ကိုယ့်မိတ်ဆွေတွေကို အကြောင်းမရှိ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ စစ်အာဏာရှင်ကို နိုင်ငံ့ အစိုးရအဖြစ် ဘယ်လိုမှ သတ်မှတ်လို့ မရတဲ့ အတွက်ကြောင့် ကျွန်တော်တို့ ကျောင်းမအပ်ဘဲ နေကြပါတယ်” ဟု တတိယနှစ် ကျောင်းသား တစ်ဦးက ဆိုသည်။

ကလေးတက္ကသိုလ်တွင် ကျောင်းအပ်နှံသူ စုစုပေါင်း ၃၆၂ ဦး ရှိသည့်အနက် ယနေ့ ကျောင်းစတင် တက်ရောက်သူ ၂၂ ဦးသာရှိကြောင်း အမှန်တကယ် ကျောင်းတက်ရမည့် ကျောင်းသား ၉၁၇၅ ဦးရှိကြောင်း သိရသည်။ mizzima

ရွေးကောက်ပွဲသစ်ကျင်းပမည့်အပေါ် ပြည် နယ်နှင့်တိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီများ ကန့်ကွက်

ရွေးကောက်ပွဲအသစ်ကျင်းပဖို့ ကြိုးပမ်းမှုမှန်သမျှ   ဥပဒေနဲ့လုံးဝ မညီတဲ့အတွက် ကန့်ကွက်တယ်လို့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ ၁၂ ခုက မေလ ၁၂ ရက် ဒီကနေ့ ပူးတွဲ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

၂၀၂၀  ပါတီစုံအထွေထွေ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်စေဖို့ ရည်ရွယ်ပြီး ဥပဒေနဲ့ ညီညွတ်ခြင်းလုံးဝမရှိတဲ့ ရွေးကောက်ပွဲအသစ်ကျင်းပဖို့ ကြိုးပမ်းနေမှု မှန်သမျှကို မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ဆန့်ကျင်ကန့်ကွက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့  အန်အယ်လ်ဒီပါတီအနိုင်ရခဲ့တဲ့ ၂၀၂၀  ပါတီစုံအထွေထွေ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းကြောင်းကြေ ညာထားခဲ့ပြီး  ရွေးကောက်ပွဲရှုံးနိမ့်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီနဲ့ မဟာမိတ်ပါတီတွေရဲ့ ထောက်ခံမှုနဲ့ လာမယ့် ၂၀၂၃ ခုနှစ်မှာ ပီအာစနစ်နဲ့ ရွေးကောက် ပွဲသစ်ကျင်းပဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ 

အဲဒီလို ကြိုးပမ်းနေမှုတွေမှာ စစ်ကောင်စီနဲ့ ပူးပေါင်းပါဝင်တဲ့   ပုဂ္ဂိုလ်၊ အဖွဲ့အစည်းမှန်သမျှကို ဆန့်ကျင်ကန့် ကွက်ကြောင်းနဲ့ တရားမဝင်ရွေး ကောက်ပွဲအသစ် ကျင်းပဖို့ ကြိုးပမ်းနေမှုကို ကန့်ကွက်နေကြတဲ့  နွေဦးတော်လှန်ရေးအင်အားစုတွေ၊ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အား လုံးကို ထောက်ခံကြောင်း  လွှတ်တော်ကိုယ်စားပြုကော်မတီတွေရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းမယ့် အကြမ်းဖက်စစ်ကောင်စီရဲ့ အတုအယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကို ပြတ် သားစွာ ငြင်းဆန်ခဲ့ကြတဲ့ နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံးကို ကျေးဇူးတင်ရှိကြောင်းနဲ့ လွှတ် တော် ကိုယ်စားပြုကော်မတီတွေအနေနဲ့လည်း ပြင်းထန်စွာ ရှုတ်ချတယ်လို့ ပူးတွဲထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် လက်ရှိနိုင်ငံရေး အခင်းအကျင်းအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီကိုယ်စားပြုမှုနဲ့ ပတ်သက်ပြီး တိကျရှင်းလင်းတဲ့ ကြေ ညာချက်တစ်စောင် ကို မေ ၁ ရက်က ထုတ်ပြန်ခဲ့ကြောင်း၊ အဲဒီထုတ်ပြန်ချက်ဟာ  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အလွဲသုံးစားပြုလျက် လွဲမှားတဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြုဟန်နဲ့ ရွေးကောက်ပွဲ အသစ်ကျင်းပဖို့ ကြိုးပမ်းနေမှုတွေ  မပြုနိုင်အောင် တားဆီးနိုင်ခဲ့ တာတွေကြောင့် အပြည့်အ၀ထောက်ခံ ကြောင်းလည်းဖော်ပြထားပါတယ်။

အဆိုပါပူးတွဲကြေညာချက်ကို ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီစုစုပေါင်း ၁၂ ခုက ပူးပေါင်း ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။  DVB

ဗဟိုဘဏ်ဒုဥက္ကဋ္ဌ အကြောင်းရှာအမှုဖွင့်ခံနေရဟု စီးပွားရေးအသိုင်းအဝိုင်းပြော

တစ်နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီးနောက် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို စစ်ကောင်စီက အဂတိမှုနှင့် စွပ်စွဲလိုက်ခြင်းမှာ အ ကြောင်းရှာအမှုတပ်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ဘဏ္ဍာရေးပညာရှင်တစ်ဦးနှင့် ကုန်သည်တစ်ဦးက ဝေဖန်လိုက်သည်။

ဘဏ်လုပ်ငန်းဖွံဖြိုးတိုးတက်ရေးလုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ဘဏ်အသိုင်းအဝိုင်းကြား အမည်ကောင်းရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်၌ လုပ်ကိုင်ခဲ့သော ဦးဘိုဘိုငယ်ကို အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“ရှင်းရှင်းပြောရလို့ရှိရင် အမှုမရှိဘဲ အမှုရှာတဲ့သဘောမျိုးပဲ။ ဒါက လူကို တစ်ခုခုစွပ်စွဲချင်တယ်၊ လုပ်ချင်တယ်ဆိုတာမျိုးမှာ လုပ်တတ်တဲ့သ ဘောပဲ” ဟု  ဘဏ္ဍာရေးပညာရှင်တစ်ဦးက ပြောသည်။

ထိုသို့ စွပ်စွဲအမှုဖွင့်ခြင်းမှာ စစ်အာဏာရှင်များ၏ မထူးဆန်းသည့်လုပ်ရပ်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“သူ့ကိုယ်ကျိုးအတွက် တစ်ခုခုလုပ်တာမျိုးမဟုတ်ဘဲ သူလုပ်လိုက်တဲ့ကိစ္စကြောင့် သို့မဟုတ် ကြီးကြပ်မှုအားနည်းတဲ့အတွက်ကြောင့် နိုင်ငံမှာ ဘယ်လောက်နစ်နာပါတယ်ဆိုတာမျိုး။ အဲဒီလိုစွပ်စွဲတာမျိုးက ဒီပုဂ္ဂိုလ် အဂတိလိုက်စားတယ်လို့ ပြောလို့မရဘူး” ဟု ၎င်းက ဆိုသည်။

ဦးဘိုဘိုငယ်သည် ဗဟိုဘဏ်တွင် ဒုဥက္ကဋ္ဌအနေဖြင့် ကြိုးကြိုးစားစားအလုပ်လုပ်ခဲ့ကြောင်း ၎င်း၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ပုဂ္ဂ လိကဘဏ်များက အထင်ကြီးလေးစားကြကြောင်း အထက်ပါ ဘဏ္ဍာရေးပညာရှင်က ပြောသည်။

စစ်ကောင်စီက NLD နှင့် ပတ်သက်သူများကို တရားစွဲရန် အကြောင်းရှာ အမှုတည်ဆောက်နေသလို ဦးဘိုဘိုငယ်ကိုလည်း ထောင်ချရန် နည်းလမ်းရှာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့မှ ကုန်သည်တစ်ဦးက ပြောသည်။

“ထောင်ချဖို့အတွက်ပဲ နည်းလမ်းရှာတာပဲ။ အခြားတော့ ထွေထွေထူးထူးဘာမှမရှိဘူး” ဟု ၁၀ နှစ်ကြာ ပို့ကုန်သွင်းလုပ်ငန်း ကုန်လုပ်ကိုင်နေသည့် ၎င်းက ထင်မြင်ချက်ပေးသည်။

ယခင်က နိုင်ငံခြားနှင့် ကုန်သွယ်ငွေ ပေးချေရာတွင် အကျပ်အတည်းပေါင်းစုံရှိသော်လည်း ဦးဘိုဘိုငယ် ပါဝင်သည့် ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့လက်ထက်တွင် ပိုမိုလွယ်ကူလာသလို ဒစ်ဂျစ်တယ်ငွေပေးချေစနစ် အောင်မြင်လာခြင်းကြောင့် အွန်လိုင်းရှော့ပင်များလည်း ပိုများလာကြောင်း ၎င်းက ဆိုသည်။

ဦးဘိုဘိုငယ်သည် NLD စီးပွားရေးကော်မတီတွင် ဘဏ်ပညာရှင်တစ်ဦးအနေဖြင့် ပါဝင်ပြီး ၂၀၁၇ ဇူလိုင် တွင် ဗဟိုဘဏ် ဒုဥက္ကဋ္ဌအဖြစ် သမ္မတ ဦးထင်ကျော်က ခန့်အပ်ခဲ့သည်။

ဦးဘိုဘိုငယ်၏ ဆောင်ရွက်ချက်များသည် အဂတိလိုက်စားမှုရှိသည်ဟုဆိုကာ ထောင်ဒဏ် ၁၅ နှစ်အထိ ချနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် နေပြည်တော်၊ ဘုရားကုန်းမြို့မရဲစခန်းတွင် တိုင်ချက်ဖွင့်ကြောင်း စစ်ကောင်စီ၏ အဂတိကော်မရှင်က ယမန်နေ့ (မေ ၁၀) တွင် သတင်းထုတ်ပြန်ထားသည်။

ပြည်ပမှ ဒေါ်လာ ၁၀,၀၀၀ နှင့်အထက် နိုင်ငံခြားငွေလွှဲပြောင်းရာတွင် ဘဏ်များက ဗဟိုဘဏ်ကို သတင်းပေးပို့ရန် ကြီးကြပ်မှုအားနည်းခြင်းကြောင့် အခွန်နစ်နာကြောင်း၊ ဗဟိုဘဏ်ရရှိသည့် ချေးငွေကို အတိုးနှုန်းပိုများသည့် ဘဏ်တွင် မအပ်ဘဲ စင်္ကာပူ SMBC ဘဏ်တွင် အပ်ရန် ဆုံးဖြတ်ခြင်းကြောင့် ငွေကြေးနစ်နာကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပွင့်လင်းလူ့အဖွဲ့အစည်းမြန်မာ (Open Society Myanmar) ဟူသော အဖွဲ့အစည်းက ပြည်တွင်းရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (SMED) ကို ဒေါ်လာ ၅ သန်း လွှဲပြောင်းထည့်ဝင်ရာ၌ သတင်းပို့သော်လည်း ဒေါ်လာ ၁ ဒသမ ၄ သန်းကို အဖွဲ့အစည်းတာဝန်ရှိသူများက ပြန်ထုတ်ရာမှာ မကြီးကြပ်နိုင်သဖြင့် ဝင်ငွေခွန် ကျပ်သန်း ၃၆၀ မကောက်ခံနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ထိုအဖွဲ့၏ ဘဏ္ဍာရေးမန်နေဂျာသည် ဒေါ်လာ ၁ ဒသမ ၄၂ သန်းကို ကျပ်ငွေတန်ဖိုးသင့်၍ ထုတ်ယူသွားပြီး ထိုငွေများထဲမှ ကျပ်သိန်း ၁၃,၉၉၉ ကို ဒေါက်တာမျိုးအောင်ဆိုသူက ယူဆောင်သွားကြောင်း စစ်ကောင်စီက မြန်မာရုပ်မြင်သံကြားမှတစ်ဆင့် ထုတ်လွှင့်ခဲ့သည်။

ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းရှင် ဂျော့ဆိုးရော့စ် (George Soros) ၏ လက်အောက်ခံ ထိုအဖွဲ့အစည်းမှ ဘဏ္ဍာရေးမန်နေဂျာကို ဖမ်းဆီးထားကြောင်း၊ ငွေယူသွားသူများနှင့် ဝန်ထမ်းများကို ဖမ်းဝရမ်းထုတ်ထားပြီး အဖွဲ့အစည်းကိုလည်း  အသင်းအဖွဲ့ဆိုင်ရာ စည်းမျဉ်းဖောက်ဖျက်မှုနှင့် အရေးယူသွားမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ဧပြီတွင် ကြေညာထားသည်။

ဗိုလ်ချုပ်ကြီးများက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်/တိုင်းအဆင့် ခေါင်းဆောင်များကို အဂတိလိုက်စားမှုစွဲချက်များနှင့် အမှုများ ဆက်တိုက်ဖွင့်နေရာ ဦးဘိုဘိုငယ်၏ အမှုမှာ နောက်ဆုံးထွက်ပေါ်လာသည့်အမှုဖြစ်သည်။

ရဲစခန်းတွင် တိုင်ချက်ဖွင့်သူ၏ အမည်ကို မသိရသေးပေ။  myanmar now

« Older Entries