ကလေးတက္ကသိုလ်တွင် ကျောင်းတက်ရန် စာ ရင်းသွင်းသူ နည်းပါး

စစ်ကိုင်းတိုင်း ကလေးမြို့တွင် Covid-19 ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ပိတ်ထားရသည့် ကလေးတက္ကသိုလ် (Kalay University) ကို စစ်ကောင်စီ လက်အောက်ခံ ပညာရေး၀န်ကြီးဌာနက ယနေ့ မေလ ၁၂ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

တက္ကသိုလ်များ ဖွင့်လှစ်နိုင်ရန် ဧပြီလ ၁၈ ရက်နေ့မှ စတင်ပြီး ကျောင်းအပ်နှံမှု လက်ခံခဲ့ရာ ယနေ့ ကလေး တက္ကသိုလ်တွင် တက်ရောက်ရန် စာရင်းသွင်းသူ ပထမနှစ် ၆၀ ဦး၊ ဒုတိယနှစ် ၇၂ ဦး၊ တတိယနှစ် ၄၈ ဦးရှိပြီး ဂုဏ်ထူးတန်းနှင့် မဟာတန်းများ အတွက် စာရင်းပေးသူ ၇၈ ရှိကြောင်း သိရသည်။

“ကျွန်မ သင်ယူခဲ့တဲ့ အတန်းပညာနဲ့ ပြုစုခဲ့တဲ့ Thesis (သုတေသနစာတမ်း) တွေအားလုံးက စစ်ကောင်စီ အုပ်ချုပ်ပြီး နောက်ပိုင်း သင်ယူခဲ့တာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် စီမံခန့်ခွဲမှု အောက်မှာပဲ သင်ယူခဲ့တာပါ။ ဒါကြောင့် ကျောင်းပြီးတဲ့ထိ ဆက်တက်ပြီး ဘွဲ့ယူမယ်၊ ရတဲ့ဘွဲ့နဲ့ အလုပ်တွေ လျှောက်မယ်။ နောက်ဆုံး ဘယ်သူမှ ဒီဘွဲ့ကို အသိအမှတ် မပြုရင်တောင် အတွေ့အကြုံကနေ ရှာထားတဲ့ ပညာနဲ့ အသက်မွေး ဝမ်းကျောင်းပြုမယ် “ ဟု နောက်ဆုံးနှစ် တက်မည့် ကျောင်းသူတစ်ဦးက ပြောသည်။

၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ အနက် ကလေးတက္ကသိုလ်တွင် ပထမနှစ် တက်ရောက်ရန် စာရင်းပေးသွင်းသူ ၁၀၄ ဦးရှိကြောင်း ဆိုသည်။

“စစ်အာဏာရှင်ရဲ့ ရက်စက်မှုကြောင့် ကျောင်းတက်မယ့် အရွယ် လူငယ်တွေက လက်နက်ကိုင်တွေ ဖြစ်လာ ရပါတယ်။ စစ်ကောင်စီက ကျောင်းဖွင့်တော့ ကိုယ့်သူငယ်ချင်း၊ ကိုယ့်မိတ်ဆွေတွေကို အကြောင်းမရှိ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ စစ်အာဏာရှင်ကို နိုင်ငံ့ အစိုးရအဖြစ် ဘယ်လိုမှ သတ်မှတ်လို့ မရတဲ့ အတွက်ကြောင့် ကျွန်တော်တို့ ကျောင်းမအပ်ဘဲ နေကြပါတယ်” ဟု တတိယနှစ် ကျောင်းသား တစ်ဦးက ဆိုသည်။

ကလေးတက္ကသိုလ်တွင် ကျောင်းအပ်နှံသူ စုစုပေါင်း ၃၆၂ ဦး ရှိသည့်အနက် ယနေ့ ကျောင်းစတင် တက်ရောက်သူ ၂၂ ဦးသာရှိကြောင်း အမှန်တကယ် ကျောင်းတက်ရမည့် ကျောင်းသား ၉၁၇၅ ဦးရှိကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s