စစ်ကောင်စီထံ ဝင်ငွေနှင့် လက်နက်ထောက်ပံ့ပေးနေသည့် Star Sapphire ကုမ္ပဏီအုပ်စုကို ဒဏ်ခတ်ပိတ်ဆို့မှု ချက်ချင်းချမှတ်ရန် Justice For Myanmar တောင်းဆို

စစ်ကောင်စီကို ဝင်ငွေနှင့် လက်နက်များထောက်ပံ့ပေးနေသည့် Star Sapphire ကုမ္ပဏီအုပ်စုအပါအဝင် ဒါရိုက်တာများ၊ ရှယ်ယာရှင်များအား ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်းချမှတ်ရန် Justice For Myanmar က မေလ ၁၂ရက်ရက်စွဲဖြင့် တောင်းဆို လိုက်သည်။

Star Sapphire ၏ စီးပွါးရေးလုပ်ငန်းနှင့် ဆက်နွှယ်နေသည့်အချက်တွင် ငွေကြေးခဝါချမှု၊တရားမဝင် ငွေကြေးလုပ်ငန်းများနှင့် ပတ်သက်နေကြောင်း ဖော်ပြပြီး၊ စိုးရိမ်စရာကောင်းလှသည့်အတွက် Star Sapphire ကုမ္ပဏီအုပ်စုနှင့် ဒါရိုက်တာများ၊ ရှယ်ယာရှင်များအား ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်းချမှတ်ရန် Justice For Myanmar က တောင်းဆိုခြင်းဖြစ်သည်ဟု သိရသည်။

Star Sapphire Company Limited သည် ကုမ္ပဏီ၏ ဝဘ်ဆိုဒ်ရှိ မှတ်တမ်းများအရ မြန်မာစစ်တပ်နှင့် ရာဇဝတ်မှုမကင်းသည့် စီးပွားရေးလုပ်ငန်းများတွင် တရားမဝင် ကာစီနိုရုံကို တည်ဆောက်ခဲ့သည်။

အဆိုပါ ကုမ္ပဏီအား အကြမ်းဖက်စစ်တပ်နှင့်ဆက်နွှယ်နေသည့် လူပုဂ္ဂိုလ်များက ချုပ်ကိုင်ထားပြီး သတ္တုတူးဖော်ရေး၊ ကုန်ထုတ်လုပ်ငန်း၊ ကာကွယ်ရေး၊ ကာစီနိုရုံများ၊ စွမ်းအင်၊ စိုက်ပျိုးရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများအပါအဝင် ကြီးမားကျယ်ပြန့်သည့် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြသည်ဟု Justice For Myanmar ၏တောင်းဆိုချက်တွင် ဖော်ပြထားသည့် အချက်အလက်များအရ သိရသည်။

Star Sapphire Group နှင့် ဆက်နွှယ်

ပတ်သက်သည့်ကုမ္ပဏီများမှ လက်ရှိဒါရိုက်တာများ၊ ဒါရိုက်တာဟောင်းများ နှင့် အစုရှယ်ယာရှင်များမှာ–ဒေါက်တာထွန်းမင်းလတ် (ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ညွန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ၊လေတပ်မှ ဒုဗိုလ်မှူးကြီးဟောင်း ခင်မောင်လတ်၏သား)၊ ဒေါက်တာဝင်းမင်းစိုး (ဒေါက်တာထွန်းမင်းလတ်၏ဇနီး)၊ ခင်သီရိသက်မွန် (အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီး)၊ ဒေါက်တာထက်အောင်(ယခင်စစ်ဦးစီးချုပ်(လေ)နှင့် မြန်မာ့စီးပွားရေးဦးပိုင် အများပိုင်ကုမ္ပဏီလီမိတက် MEHL ၏ ဒါရိုက်တာဟောင်းဖြစ်သူ ဗိုလ်မှုးချုပ်ဟောင်းဇင်ယော်၏သား)၊ Upakit Pachariyangkun (လက်ရှိထိုင်းအထက်လွှတ်တော်အမတ်နှင့် လက်ရှိ တားမြစ်ခံထားရသည့် Ratchaburi ပါလီမန်အမတ် Pareena Kraikupt ၏ခင်ပွန်းဟောင်း)တို့ ဖြစ်ကြသည်။

ကာစီနိုလောင်းကစားသည် တရာမဝင်လုပ်ငန်းဖြစ်သော်လည်း စစ်အစိုးရနှင့် Allure Group တို့အကြား ၁၉၉၉ ခုနှစ် စာချုပ်တွင် အဆိုပါအပန်းဖြေဟိုတယ်တွင် “လျှပ်စစ်နှင့် အီလတ်ထရောနစ်စက်များ၊ စလော့ဂိမ်းစက်များနှင့် အပန်းဖြေနှင့် ဖျော်ဖြေရေးလုပ်ငန်းအားလုံး” ပါဝင်သည်ဟု ဖော်ပြထားသည်။

ကာစီနိုလောင်းကစားရုံ Allure Resort ကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက် နိုင်ငံတော်ပိုင် ရှမ်းရိုးမဧည့်ရိပ်သာမြေနေရာရှိ မြေ ငါးဧကနီးပါးရှိသော မြစ်ကမ်းစပ် မြေနေရာကောင်းပေါ်တွင် တည်ဆောက်ခဲ့ပြီး၊ ၂၀၀၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

၁၉၉၉ ခုနှစ်တွင် Star Sapphire အုပ်စုခေါင်းဆောင် ဒေါက်တာထွန်းမင်းလတ်၏ ဖခင်ဖြစ်သူ ခင်မောင်လတ်သည် ယခင်စစ်အစိုးရလက်ထက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အဖြစ် ဆောင်ရွက်စဉ် ထိုင်း-မြန်မာနယ်စပ်မြို့ တာချီလိတ်တွင် ကာစီနိုအပန်းဖြေဟိုတယ် တစ်ခုတည်ဆောက်ရန်အတွက် နှစ် ၃၀ သက်တမ်းရှိ သဘောတူစာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့သည်။

သဘောတူစာချုပ်ချုပ်ဆိုရာတွင် ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့်ကုမ္ပဏီ Allure Group နှင့် လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါသဘောတူစာချုပ်ကို လက်ရှိလွှတ်တော်အမတ်ဖြစ်သူ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ယခင် နိုင်ငံခြားရေးအရာရှိဟောင်းဖြစ်သူ Upakit Pachariyangkunက Allure Group ဘက်က လက်မှတ် ရေးထိုးခဲ့သည်။

မူလသဘောတူစာချုပ်တွင် မြန်မာစစ်တပ်ထိန်းချုပ်ထားသည့် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဌာနသို့ အမေရိကန်ဒေါ်လာ ၁၂၀,၀၀၀ ကို နှစ်စဉ်မြေငှားရမ်းခပေးချေငွေ သို့မဟုတ် စုစုပေါင်း အသားတင် အခွန်ဝင်ငွေ၏ ၆ ရာခိုင်နှုန်းကို ပေးချေရန် သတ်မှတ်ဖော်ပြထားသည်။

မြန်မာစစ်တပ်က ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု စစ်ဆင်ရေးလုပ်ဆောင်သည့်ကာလ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် သဘောတူစာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ စာချုပ်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ယင်းကာစီနိုလုပ်ငန်းရှိ လုပ်ပိုင်ခွင့်များ၊ ပိုင်ဆိုင်ခွင့်များနှင့် အကျိုးအမြတ်များအားလုံးကို မြန်မာစစ်တပ်၏ စစ်ထောက်ချုပ်ရုံးထံ လွှဲပြောင်း ပေးအပ်ခဲ့သည်။ ယင်းလုပ်ရပ်သည် မူလစာချုပ်တွင် ပါရှိသည့် “ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် မြေနေရာ၏ ပိုင်ရှင် ဖြစ်သည်” ဆိုသော ပြဌာန်းချက်ကို ချိုးဖောက်ခြင်းဖြစ်သည်။

ထိုသို့လွှဲပြောင်းမှုသည် နိုင်ငံတော်ကရရှိသည့် ကာစီနိုရုံအခွန်ငွေ ခြောက်ရာခိုင်နှုန်းကို မြန်မာ စစ်တပ်သို့ ပေးအပ်လိုက်ခြင်းပင် ဖြစ်သည်။

တနည်းအားဖြင့် စစ်တပ်၏စီးပွားရေး အကျိုးစီးပွားတို့ကို ကာကွယ်ရန် ရည်ရွယ်ရေးဆွဲထားသည့် စနစ် အောက်တွင် ပုန်းလျိူးလုပ်ပိုင်ခွင့် ပေးလိုက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s