ဆားလင်းကြီး-ယင်းမာပင်လမ်း၌ မိုင်းဆွဲခံရ၍ စစ်ကောင်စီတပ် ဒုဗိုလ်မှူးကြီး သေဆုံး

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်အတွင်း ဆားလင်းကြီး-ယင်းမာပင်လမ်း၌ စစ်ကောင်စီကား မိုင်းဆွဲ ခံရပြီး ဒုဗိုလ်မှူးကြီး တစ်ဦး သေဆုံးကြောင်း မြောက်ယမား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က အတည်ပြုသည်။
မေလ ၁၀ ရက်နေ့ ညပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက် ခံရခြင်း ဖြစ်ပြီး သေဆုံးသူမှာ စစ်တက္ကသိုလ် အပတ်စဉ် (၄၆) မှ ဒုတိယဗိုလ်မှူးကြီး တင့်ထူးနိုင် ဖြစ်သည်။ ၎င်းကို ယနေ့ မေလ ၁၂ ရက်တွင် မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ၌ စစ်အခမ်းအနားဖြင့် သဂြိုလ်မည် ဖြစ် ကြောင်း သိရသည်။
ဖြစ်စဉ် အသေးစိတ်နှင့် စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေး သော်လည်း PDF က ပေးပို့လာသည့်ပုံများတွင် စစ်ကား မိုင်းထိပြီး မှောက်နေသည်ကို မြင်တွေ့ရသည်။
အလားတူ မေလ ၁၁ ရက်နေ့ကလည်း ဆားလင်းကြီးမှ ယင်းမာပင်မြို့သို့ လာရောက်သည့် စစ်ကောင်စီ ယာဉ်တန်းကို ဒုတိယအကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဒေသခံ ပူးပေါင်း ကာကွယ်ရေး တပ်သားများ အထိအခိုက် မရှိကြောင်း လက်တလော သိရှိရပြီး စစ်ကောင်စီဘက် အခြေအနေကို မဇ္စျိမက ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။
ယင်းမာပင်၊ ကနီ ၊ ပုလဲ ၊ ဆားလင်းကြီး မြို့နယ်များ၌ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပူးပေါင်း ကာကွယ်ရေးတပ်များ ယ ခုရက်ပိုင်းအတွင်း ထိတွေ့ တိုက်ပွဲများ နေ့စဉ် ဖြစ်လျက်ရှိသည်။ mizzima