ထီရိစခန်းကို ကာကွယ်ရေးတပ်ဖွဲ့သိမ်း၊ စစ်ကောင်စီတပ်သားနှင့် PNO ၁၅ ဦးခန့်သေ ၊ ၅ဦးအရှင်ဖမ်းမိ၊ ကာကွယ်ရေးတပ်သား ၂ ဦးဒဏ်ရာရ
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ထီရိကျေးရွာရှိ စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PN O)ပူးပေါင်းတပ်ကို ဖယ်ခုံ PDF တပ်ရင်း (၂) နှင့် KNDF တို့မှ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်လိုက်သည်။
ယနေ့ မေလ ၁၂ ရက် နံနက်ပိုင်းတွင် ဖယ်ခုံ၊ပင်လောင်း၊ညောင်ရွှေနယ်စပ် ညောင်ရွှေ-နမ့်ပွန်-ထီရိ-လွယ်ပေါ လမ်းမအနီး စာသင်ကျောင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် PNO တပ်စခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးတစ်ဦးအပါအဝင် ၁၅ ဦးခန့် သေကာ PNO တပ် သား သုံးဦးနှင့် စစ်ကောင်စီတပ်သား နှစ်ဦးအား အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့တိုက်ပွဲက မနက်ပိုင်း ၄ နာရီခွဲလောက်မှာစဖြစ်တာ တစ်နာရီခွဲလောက်ကြာတယ် တိုက်ပွဲက၊ သူတို့က ကတုတ်ကျင်းတွေတူးပြီး အခိုင်အမာစခန်းချထားတယ် စာသင်ကျောင်းရှေ့မှာ ဝါးတားဂိတ် တစ်ခုထားပြီး သူတို့က စစ်တာဆေးတာတွေလုပ်တယ် ဒေသခံတွေကို ဖမ်းတာဆီးတာတွေလုပ်တယ် ငွေတွေတောင်းတယ် ဒူးထောက်ထိုင်ခိုင်းတယ် အဲ့တာမျိုးတွေလုပ်လာလို့ ကျွန်တော်တို့ကသွားပြီး တိုက်ခိုက်သိမ်း ပိုက်လိုက်တာပါ၊ပြီးတော့စခန်းသိမ်းလိုက်နိုင်တယ် စကစ(စစ်ကောင်စီတပ်သား) နဲ့ PNO ၁၅ ဦးလောက်သေတယ် နောက်ဆုံးငါးဦးကတော့ လက်နက်ချတဲ့အတွက် အရှင်ဖမ်းမိခဲ့တယ်” ဟု တိုက်ပွဲအကျဉ်းချုပ်အား ဖယ်ခုံPDF တပ်ရင်း ၂ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
တိုက်ပွဲအတွင်း ၈၁ လက်နက်ကြီးတစ်ခု၊ အာပီဂျီတစ်ခု၊ ၆၀ စိန်ပြောင်းတစ်ခု၊ ၇၉ တစ်လက်အပါအဝင် လက်နက်ငယ်များနှင့် ခဲယမ်းအများအပြားအား သိမ်းဆည်းနိုင်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။
တိုက်ပွဲအပြီး ခဏအကြာတွင် စစ်ကောင်စီတပ်ဘက်မှ ရဟတ်ယာဉ်တစ်စင်းဖြင့် တိုက်ပွဲဖြစ်ရာအနီးဝန်းကျင်ဒေသများအား လာရောက်ပစ်ခတ်သကဲ့သို့ ဖယ်ခုံအထိုင်တပ်မှ လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း ဖယ်ခုံPDF တာဝန်ရှိသူက ပြောသည်။
တိုက်ပွဲအတွင်း ဖယ်ခုံ PDF တပ်ရင်း (၂ )မှ ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရပြီး တစ်ဦးမှာ ဗိုက်ပွင့်ကာ အခြားတစ်ဦးမှာ ပေါင်တွင် ကျည်ထိမှန် သည်ဟု ၎င်းကပြောသည်။
“တစ်ယောက်က လက်နက်ကြီးထိမှန်တာ ဗိုက်ပွင့်တာကို ခွဲစိတ်တာအောင်မြင်တယ်လို့ပြန်ကြားရတယ် ကျွန်တော်တော့သေချာသွားမကြည့်ရသေးဘူး” ဟု ဒဏ်ရာရရဲဘော်၏ အခြေအနေကို ဖယ်ခုံ PDF တပ်ရင်း (၂ )တာဝန်ရှိသူက ပြောသည်။
ထိုတိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအား ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ဖွဲ့နှင့် အညီအမျှခွဲဝေယူကြသည်ဟုဆိုသည်။
တိုက်ပွဲတွင်အရှင်ဖမ်းမိသည့် PNO တပ်သား သုံးဦးနှင့် စစ်ကောင်စီတပ်သား နှစ်ဦးအား အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဌာန အလယ်ပိုင်းတိုင်း ရှမ်း−ကယားစစ်ရေးကော်မရှင်အဖွဲ့အား သွားရောက်အပ်နှံခဲ့ကြောင်းသိရသည်။
တိုက်ပွဲဖြစ်ရာအနီးဝန်းကျင်ရှိ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေအတွက်အတိအကျအား မသိရသေးပေ။ mizzima