ပိုမိုပြင်းထန်မည့် တော်လှန်ရေး ဒုတိယလှိုင်းအတွက် ပြင်နေသည်ဟု NUG ပြော

လက်နက်ကိုင်တော်လှန်ရေး ဒုတိယလှိုင်းအဖြစ် အာဏာသိမ်းစစ်တပ်ကို ပိုမိုပြင်းထန်စွာ ခုခံတွန်းလှန်သွားမည် ဖြစ်ရာ မြို့သိမ်းတိုက်ပွဲများကို  တစ်နိုင်ငံလုံးလွှမ်းခြုံမည့် မဟာဗျူဟာ၊ နည်းဗျူဟာများဖြင့် ဖော်ဆောင်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က Myanmar Now ကို ပြောသည်။ 

“လက်နက်ကိုင်တော်လှန်ရေးရဲ့ ဒုတိယလှိုင်းက ပထမလှိုင်းထက်ပိုပြီးတော့ အားကောင်းဖို့ရှိသလို စစ်ကောင်စီကို အမြစ်ဖြတ်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ မဟာဗျူဟာထဲမှာလည်း စစ်ရေးက ပိုပြီး အားကောင်းတဲ့နေရာကနေပြီးတော့ ပါဝင်လာဖို့ ရှိနေမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။  

“မြို့သိမ်းတိုက်ပွဲလိုမျိုးတွေမှာ မြို့သိမ်းလိုက်ရရင်ပြီးရော ဘာမှ အကျိုးအမြတ်လဲ မရဘဲနဲ့ ကိုယ့်ရဲဘော်တွေရဲ့ အသက်တွေ ဆုံးရှုံးမယ့် ကိစ္စမျိုးတွေဆိုရင်တော့ မဆောင်ရွက်ဘဲနဲ့ အသေအချာ တွက်ချက်ပြင်ဆင်မှုတွေ ပြုလုပ် ပြီးမှပဲ တိုက်ပွဲဖော်ဆောင်မယ့်ပုံစံမျိုးနဲ့ပဲ ဆောင်ရွက်ပါတယ်” 

ကာကွယ်ရေးဆိုင်ရာ မူဝါဒများနှင့်အညီ ပြည်သူ့ကာကွယ်ရေးတပ်မတော် (People Defence Force – PDF) ကို ၂၀၂၁ မေ ၅ ၌ ဖွဲ့စည်းနိုင်ခဲ့ပြီးနောက် လက်နက်ကိုင်တော်လှန်ရေး တစ်နှစ်အကြာတွင် လက်နက်တပ်ဆင်မှု၊ တိုက်ခိုက်ရေး မဟာဗျူဟာ၊ နည်းဗျူဟာများမှာ များစွာတိုးတက်လာသည်ဟု မန္တလေးတိုင်း၊ နွားထိုးကြီး မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဦးနိုင်ထူးအောင်က ဆိုသည်။

NUG အနေဖြင့် ဗျူဟာများ ရေးဆွဲနေသော်လည်း စတင်အကောင်အထည်ဖော်မည့်ကာလကို ကြေညာထားခြင်း မရှိသေးသလို NUG လက် အောက်ခံ မဟုတ်သော ဒေသခံကာကွယ်ရေးအဖွဲ့များကလည်း လက်နက်များ ချပေးရန် တောင်းဆိုနေသည်။ 

လက်နက်ကိုင်ခုခံမှု ပြင်းထန်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းနှင့် ကယား (ကရင်နီ) ဒေသများကို စစ်ကောင်စီတပ်က လေကြောင်း၊ ရေ ကြောင်းကိုပါသုံးပြီး အင်အားအလုံးအရင်းဖြင့် စီးနင်းတိုက်ခိုက်ခဲ့ရာ နေအိမ် ၁၁,၄၁၇ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု အချက်အလက်စု ဆောင်းသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Data For Myanmar အဖွဲ့က မေ ၁ တွင် ထုတ်ပြန်ထားသည်။ 

စစ်ကိုင်းတိုင်းတွင် ၇၅၀၃ လုံး၊ မကွေးတိုင်းတွင် ၂၁၃၁ လုံး၊ ချင်းပြည်နယ်တွင် ၁၁၄၇ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ထိုထုတ်ပြန်ချက်၌ ပါရှိသည်။ 

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုပြင်းထန်သောကြောင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုများ၊ ရွာလုံးကျွတ် မီးရှို့ခံရမှုများမှာ အခြားဒေသထက် ပိုမို ဖြစ်ပွားနေသည်။ 

ဤအခြေအနေမှာပင် စစ်ကောင်စီက နေ့စဉ် စစ်ကြောင်းထိုး တိုက်ခိုက်နေပြီး စစ်ကိုင်းဒေသ PDF တပ်ဖွဲ့ဝင်များကလည်း အရှိန်အဟုန်ကောင် းကောင်းဖြင့် ဆက်လက် ခုခံတိုက်ခိုက်နေဆဲဖြစ်သည်။ 

စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသခံ PDF တပ်ဖွဲ့များမှာ ပိုမိုအင်အားကောင်းမွန်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနိုင်ရန် စောင့်ဆိုင်းနေသည်ဟု စစ်ကိုင်းခရိုင်၊ တပ်ရင်း (၄) ခေါင်းဆောင် ဗိုလ်ယက္ခက ပြောသည်။ 

“သိမ်းတာနဲ့ ထိန်းတာနဲ့ဆိုပြီးတော့ ခွဲခြားပြောဖို့လိုအပ်ပါတယ်။ သိမ်းတာက လွယ်ပါတယ်။ မြို့တွေကို ပြန်ထိန်းတဲ့အခါမှာ ပြန်ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။ NUG ကနေပြီးတော့ D-Day (စစ်ဆင်ရေးတိုက်ပွဲ) ခေါ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်မယ် ဆိုရင်တော့ ဖြစ်လာနိုင်ပါတယ်” ဟု ဗိုလ်ယက္ခက ဆိုသည်။

စစ်ကိုင်းတိုင်းတွင် PDF များက ကျေးလက်ဒေသကို ထိန်းချုပ်ထားနိုင်ကြောင်း၊ တပ်ဖွဲ့ဝင်အင်အား များပြားသော်လည်း  လက်နက် နည်းပါးဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ 

“သူတို့မှာက သာလွန်လက်နက်ရှိတယ်။ ကျွန်တော်တို့မှာက သာလွန်အင်အားရှိတယ်” ဟု ၎င်းက ပြောသည်။ 

“ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါစေ။ သမ္မတကြီး ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးတာမျိုးဖြစ်စေ လုပ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ သွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူးလို့ပဲ ပြောချင်ပါတယ်။ စစ်ကောင်စီကို ပြီးပြတ် တဲ့အထိ ချေမှုန်းတိုက်ခိုက်သွားပါမယ်”   

လက်နက်ကိုင်တော်လှန်ရေး တစ်နှစ်ပြည့်မြောက်ပြီးနောက် မေ ၇ နှင့် ၈ တွင် အမေရိကန်၊ ဩစတြေးလျ၊ နော်ဝေ၊ ကနေဒါ၊ ဆွီဒင်၊ ဂျပန်၊ အစ္စရေး၊ ဖင်လန်၊ တောင်ကိုရီးယားနိုင်ငံများတွင် ရောက်နေသာ မြန်မာနိုင်ငံသားများက ကမ္ဘာလုံးဆိုင်ရာ မြန်မာနွေဦးတော်လှန်ရေး ဒုတိယလှိုင်းအဖြစ် ဆန္ဒပြနေကြသည်။

စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသည့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်း ဆောင်များနှင့်အတူ စစ်ရေးမဟာဗျူဟာ၊ စစ်ရေးစီမံချက်များ ရေးဆွဲဆောင်ရွက်နေပြီး စစ်လက်နက်ခဲယမ်းမီးကျောက်များ ပမာဏတစ်ခုအထိ လက်လှမ်းမီထားပြီဖြစ်ကြောင်း၊ သို့သော်လည်း PDF တပ်ရင်းတပ်ဖွဲ့များအားလုံးကို တပ်ဆင်ပေးနိုင်ရန် အလှမ်းဝေးနေဆဲဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးရည်မွန်၏ မတ် ၁၃  ရက်စွဲနှင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s