ပုလဲ-ယင်းမာပင် လမ်းတွင် စစ်ကောင်စီကား ၇ စီးမိုင်းဆွဲ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲ-ယင်းမာပင်လမ်းပေါ် လက်တောင်းကြီးရွာနှင့် အလယ်ဘုံရွာကြားတွင် ယင်းမာပင်မြို့မှ ပုလဲမြို့သို့ဦးတည်လာသော စစ်ကောင်စီကား ခုနစ်စီးအား ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
“မိုင်းဆွဲလိုက်တော့ တတိယမြောက်အစီးကို မိုင်းထိမှန်တယ် ကားကမြောက်တက်သွားပြီး ထွက်လို့မရတော့ဘူး။ ဒဏ်ရာရရှိမှုတွေလည်းရှိနိုင်တယ်။ ကားပေါ်ကနေဆင်းပြီး ရမ်းသန်းပစ်တဲ့အချိန်မှာ ပြန်ဆုတ်ခွာလာတယ်”ဟု ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့က ပြော သည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီကားတစ်စီးပျက်စီးခဲ့ပြီး ထိခိုက်မှုကို မသိရသေးပေ။
အဆိုပါယာဥ်တန်းမှ ကား ခြောက်စီးမှာ ပုလဲမြို့ပေါ်သို့ရောက်ရှိနေပြီး မိုင်းထိမှန်သောကားမှာ မောင်း၍ မရတော့သောကြောင့် ယင်းနေရာတွင်ပင်ထားခဲ့ရသည်ဟု သိရသည်။
ယင်းလုပ်ဆောင်မှုကို ဒေါင်းနက်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ကလုပ်ဆောင်ခဲ့ပြီး အန္တရာယ်ကင်းစွာ ဆုတ်ခွါနိုင်ခဲ့သည်ဟု သိရသည်။ mizzima