မီဇိုရမ်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်း ၅ ခုကို Youth For Myanmar က ကျပ်သိန်း ၂၀ ကျော် လှူဒါန်း

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့၌ ပြုလုပ်သော ဒုတိယကြိမ်မြောက် ဈေးရောင်းပွဲတော် အမြတ်ငွေများ ထဲမှ ပြည်နယ်အတွင်းရှိ အကူအညီ အလိုအပ်ဆုံး စစ်ဘေးရှောင် စခန်း ငါးခုသို့ ရူပီးငွေ ၉၇,၀၀၀ (ကျပ် ၂၃ သိန်းကျော်) လှူဒါန်းခဲ့ကြောင်း Youth For Myanmar (YFM) က မေလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။

“အားလုံးကတော့ အခက်အခဲတွေ ရှိကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရှိတဲ့အားနဲ့ သူတို့ရဲ့ အလိုအပ်ဆုံး တွေကို လေ့လာစီစစ်ပြီး ကူညီပေးခဲ့တာပါ။ အားလုံးမှာ ဘုံတူညီတဲ့ အခက်အခဲ ကတော့ စားသောက်ရေးပါ။ အချို့ စခန်းတွေဆို ဆန်ပဲ ထောက်ပံ့ကူညီပါ၊ ဆန်ရှိ ၊ ထမင်းရှိရင် ဆားနဲ့ဖြစ်ဖြစ် ရေနဲ့ပဲ ဖြစ်ဖြစ် စားပါ့မယ်ဆိုပြီး ပြောပြကြတယ် ” YFM ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုဇော်ထွန်း က မဇ္စျိမ ကို ပြောသည်။

စစ်ဘေးရှောင် စခန်းများ၌ နေစရာများအား မိုးကာစ ၊ ဝါးများဖြင့် ယာယီတဲများ ဆောက်လုပ် နေထိုင် နိုင်ကြသော်လည်း အစားအသောက် ရိက္ခာအတွက်မူ ပုံမှန်ကူညီ ထောက်ပံ့သော အဖွဲ့အစည်းများ မရှိသည့်အတွက် စိုးရိမ် ပူပန်ရပြီး အလှူရှင်များ၏ အကူအညီပေါ်တွင်သာ မှီခို ရပ်တည် နေရသည်ဟု ဆိုသည်။

ယခု အကူအညီ ပေးခဲ့သည့် နေရာငါးခုအတွင်းမှ အိုက်ဇောလ် ခရိုင်ရှိ ဆင်းနော့လ် ရီဘိုင်ဘယ် စီဖျီးစခန်း စစ်ဘေးရှောင်စခန်းမှ ၆၆ ဦးကို ၎င်းတို့ လိုအပ်သည်များ အသုံးပြုနိုင်ရန် တစ်ဦးလျှင် ရူပီး ၅၀၀ နှုန်း ကူညီခဲ့ကြောင်း သိရသည်။

စစ်ဘေးရှောင် ၄,၅၀၀ ခန့် ရှိသည့် ကျန်ဖိုင်းခရိုင် ၊ ဇိုးခွားထာလ်စခန်း ၎င်းတို့ အလိုအပ်ဆုံး ဖြစ်သော ဆန် ၊ဆီ ၊ဆား များ ဝယ်ယူနိုင်ရန် ရူပီး ၂၀,၀၀၀ ထောက်ပံ့ခဲ့သည်ဟု ၎င်းကဆိုသည်။

စစ်ဘေးရှောင် ၃၇ ဦး နေထိုင်နေသည့် အိုက်ဇောလ်ခရိုင် သွီးရယ်လ်စခန်းကို ရူပီး ၂၂,၀၀၀ ၊ စစ်ဘေးရှောင် ၆၄၇ ဦး ရှိသည့် လုံးလေခရိုင် ထိုင်ဇောလ်စခန်းကို ရူပီး ၂၀,၀၀၀၊ စစ်ရှောင် ၅၄ ဦး နေသည့် လောင်တလိုင်ခရိုင် စီအာဇော့စခန်းကို ရူပီး ၂၀,၀၀၀ ကူညီခဲ့သည်ဟု ပြောသည်။

စစ်ဘေးရှောင် စခန်းများ၌ အစားအသောက်များတွင်မက ကလေးများ၏ ပညာရေး လက်လှမ်း မမီမှု ၊ ကျန်းမာရေး စောင့်ရှောက်မှုများတွင် လိုအပ်ချက်များစွာ ရှိနေသည်ဟု သိရသည်။

ယခုလှူဒါန်းခဲ့သော စစ်ဘေးရှောင် စခန်း ငါးခုတွင် သာမက မီဇိုရမ်ပြည်နယ် အတွင်းရှိ အခြား စစ်ဘေးရှောင်စခန်းများတွင်လည်း လိုအပ်ချက်များစွာ ရှိနေသည်ဟု YFM တာဝန်ရှိသူက ပြောသည်။

YFM သည် စစ်ဘေးရှောင်များကို အကူအညီ ပေးနိုင်ရေး ဆက်လက် ကြိုးပမ်း သွားမည် ဖြစ်ကြောင်းနှင့် လှူဒါန်း လိုသူများ ရှိပါက ၎င်းတို့မှ တစ်ဆင့် ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

ယခုကဲ့သို့ လှူဒါန်းနိုင်ရန် ဒုတိယအကြိမ် ရန်ပုံငွေ ဈေးရောင်းပွဲကို မတ်လ ၁၈ နှင့် ၁၉ ရက်များတွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး မြန်မာ အစားအ သောက်များ ရောင်းချခဲ့ကာ ချင်းနာမည်ကျော် အဆိုတော်များ ဖြစ်သော Guys from Chin မှ P.Thawng Bawi ၊ David Lai ၊ Benjamin Sum တို့နှင့်အတူ ထွဏ်းခမ် ၊ ယောကီး တို့ အပါအဝင် Lang Len Sung ၊ Biak Hlei Par တို့က သီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာ လုယူပြီးနောက် ချင်းပြည်နယ် အပါဝင် နိုင်ငံ အနှံ့အပြားတွင် တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်သို့ စစ်ဘေးရှောင် ဦးရေ ၄၀,၀၀၀ ခန့် တိမ်းရှောင်လျက် ရှိကြောင်း အကူအညီပေးရေး အဖွဲ့ အစည်းများထံက သိရသည်။

ယခုကဲ့သို့ အများအပြား ခိုလှုံ ရောက်ရှိနေသော်လည်း အိန္ဒိယ ဗဟိုအစိုးရသည် စစ်ဘေးရှောင် များကို အကူအညီ ပေးရန်နှင့် အသိအမှတ် ပြုရန် ပျက်ကွက်လျက် ရှိပြီး မီဇိုရမ်အစိုးရ ၊နိုင်ငံရေး ၊ ဘာသာရေး ၊ လူမှုရေး အဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလိများ အကူအညီဖြင့် ရပ်တည်နေရလျက်ရှိကြောင်း အဆိုပါ အဖွဲ့စည်းများထံက သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s