ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းအား ကာကွယ်ရေးတပ်ဖွဲ့က ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ မုံရွာ-ယင်းမာပင်-ပုလဲ သွား ကားလမ်း ဖိုလ်ဝင်တောင် တစ်ကျောတွင် ယနေ့ မေလ ၁၁ ရက် ညနေပိုင်းက စစ်ကောင်စီယာဉ်တန်းကို မြောက်ယမားပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
ထိုစစ်ကောင်စီယာဉ်တန်းသည် မုံရွာမြို့မှ ချင်းတွင်းမြစ်ကိုဖြတ်ကူးပြီး ညောင်ပင်ကြီးဆိပ်ကမ်းမှ တစ်ဆင့် ယင်းမာပင်မြို့ကို ထွက်လာသည့် ယာဉ်တန်းဖြစ်ကြောင်း သိရသည်။
မိုင်းဆွဲတိုက်ခိုက်ရာတွင် ပဒေသာမိုင်း အသုံးပြုခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
ယင်းနောက် ထိုယာဉ်တန်းသည် ယင်းမာပင်မြို့မှ ပုလဲမြို့ဘက်သို့ ဆက်လက်မောင်းနှင်သွားရာ လမ်းတစ်လျှောက်တွင် ယာဉ်ပေါ်ပါ စစ်ကောင်စီတပ်သားများက စက်သေနတ် မော်တာများဖြင့် တရစပ် ရမ်းသန်း ပစ်ခတ်သွားခဲ့ကြကြောင်း သိရသည်။
ယမန်နေ့ မေလ ၁၀ ရက် ည ၁၁ နာရီကျော်ခန့်ကလည်း ယင်းမာပင်မြို့သို့ ဦးတည်လာသည့် စစ်ကောင်စီယာဉ်တန်းကို ယင်းမာပင်မြို့နယ် ကောင်းဆင့်ကျေးရွာအနီးတွင် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေါင်းသွေးနီ တပ်ခွဲ ( ၁) တို့က ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုတွင် ယာဉ်တန်းပါ စစ်ကားနှစ်စီး ပျက်စီးကာ လမ်းဘေးသို့ ထိုးကျသွားခဲ့ပြီး စီးနင်းလိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက် သေဆုံးခဲ့ကြောင်း သိရသည်။ mizzima