ယင်းမာပင် နဘူးတောရွာသား ကိုအောင်ထွန်းကို စစ်တပ်က ပစ်သတ်ပြီး နေအိမ် ၆လုံးကို မီးရှို့ဖျက်ဆီး၊ အရာတော် ချင်ပင်ရွာကိုလည်း စစ်တပ်က ဝင်စီး၍ နေအိမ် ၂လုံးကို မီးရှို့ဖျက် ဆီး၊ ခင်ဦး မကျီးအုပ်ရွာကိုလည်း စစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် နဘူးတောကျေးရွာကို အကြမ်းဖက် စစ်တပ်က မေလ ၁၁ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး အသက် ၃၂ အရွယ် ကျေးရွာနေ ပြည်သူ ကိုအောင်ထွန်းကို ပစ်သတ်ကာ နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီး ခဲ့သွားကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။
စစ်တပ် ပစ်သတ်ခဲ့သော ကိုအောင်ထွန်းသည် အိမ်ထောင်သည် တစ်ဦးဖြစ်ကာ အသက် ၄ နှစ်အရွယ်ကလေးငယ် ၁ ဦးနှင့် ဇနီးဖြစ်သူတို့ ကျန်ရစ်ခဲ့ပြီး အကြောင်း မဲ့ ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
စစ်တပ်သည် နဘူးတောကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၆ လုံးကို ဓာတ်ဆီလောင်း၍ မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဒေသခံ ပြည်သူများနှင့် ကာကွယ် ရေး တပ်ဖွဲ့များက ဝင်ရောက် မီးငြိမ်သတ်ခဲ့ရပြီး အချိန်မီမီးငြိမ်းသတ်နိုင်၍ နေအိမ် ၆လုံးသာ မီးလောင်ပြာကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အလားတူ အရာတော်မြို့နယ် ချင်ပင်ကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က မေလ ၆ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အရာတော် မြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။
ထို့ပြင် ခင်ဦးမြို့နယ် မန်ကျီးအုပ်ကျေးရွာကိုလည်းအကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၁၂ ရက်နေ့တွင် ဝင်ရောက်စီးနင်းနေပြီး ပြည်သူပိုင် နေအိမ်များကိုလည်း မီးရှို့ ဖျက်ဆီးနေကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ် ဝင်ရောက်စီးနင်းထားသောကြောင့် ကျေးရွာအတွင်း၌ ပိတ်မိနေသော ပြည်သူများလည်း ရှိနေကာ အရေအတွက် မသိရသေးဘဲ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း၊ ကျေးရွာအတွင်းရှိ ပျက်စီးဆုံးရှုံးမှု အခြေ အနေကိုလည်း အတည်မပြုနိုင်သေးကြောင်း သိရသည်။ khit thit