ပုလဲမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး ၆ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့မှ မင်းတိုင်ပင်ရွာသို့ စစ်ကြောင်းထိုး လာသော စစ်ကောင်စီ ယာဉ် ၁၀ စီးနှင့် ခြေလျင်စစ်ကြောင်းအား မေလ ၁၂ ရက်နေ့ မနက် ၉ နာရီခန့်တွင် ဒေါင်းနက် ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းစစ်ကြောင်း ပုလဲမြို့မှ ထွက်ခွာလာရာ လမ်းတစ်လျှောက်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး လက်ပုကန်ကျေးရွာ အနီးတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ခြေလျင်စစ်ကြောင်းက ရှေ့ကနေ လမ်းဟိုဘက် ဒီဘက်ကို ဖြန့်ပြီး လျှောက်တယ်၊ နောက်က ကား ၁၀ စီးက လိုက်တယ်၊ လက်ပုကန်ရွာနားမှာ မိုင်းဆွဲ လိုက်တော့ ခြောက်ကောင်သေပြီး ဒဏ်ရာရရှိသူတွေ များတယ်” ဟု ဒေါင်းနက်နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
မိုင်းဆွဲ တိုက်ခိုက် ခံရပြီးနောက် စစ်ကောင်စီကား ခြောက်စီးမှာ ပုလဲမြို့ပေါ်သို့ ပြန်သွားကြောင်း ကျန် လေးစီး လက်ပုကန်ကျေးရွာ အတွင်းသို့ ဝင်သွားကြောင်း သိရသည်။
မေလ ၁၁ ရက်နေ့ကလည်း ပုလဲ-ယင်းမာပင် လမ်းပေါ် လက်တောင်းကြီးရွာနှင့် အလယ်ဘုံရွာကြားတွင် ယင်းမာပင်မှ ပုလဲမြို့သို့ ဦးတည်လာသော စစ်ကောင်စီကား ခုနှစ်စီး မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရသည်။mizzima