Monthly Archives: May 2022

ပုလဲမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး ၆ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့မှ မင်းတိုင်ပင်ရွာသို့ စစ်ကြောင်းထိုး လာသော စစ်ကောင်စီ ယာဉ် ၁၀ စီးနှင့် ခြေလျင်စစ်ကြောင်းအား မေလ ၁၂ ရက်နေ့ မနက် ၉ နာရီခန့်တွင် ဒေါင်းနက် ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းစစ်ကြောင်း ပုလဲမြို့မှ ထွက်ခွာလာရာ လမ်းတစ်လျှောက်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး လက်ပုကန်ကျေးရွာ အနီးတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ခြေလျင်စစ်ကြောင်းက ရှေ့ကနေ လမ်းဟိုဘက် ဒီဘက်ကို ဖြန့်ပြီး လျှောက်တယ်၊ နောက်က ကား ၁၀ စီးက လိုက်တယ်၊ လက်ပုကန်ရွာနားမှာ မိုင်းဆွဲ လိုက်တော့ ခြောက်ကောင်သေပြီး ဒဏ်ရာရရှိသူတွေ များတယ်” ဟု ဒေါင်းနက်နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
မိုင်းဆွဲ တိုက်ခိုက် ခံရပြီးနောက် စစ်ကောင်စီကား ခြောက်စီးမှာ ပုလဲမြို့ပေါ်သို့ ပြန်သွားကြောင်း ကျန် လေးစီး လက်ပုကန်ကျေးရွာ အတွင်းသို့ ဝင်သွားကြောင်း သိရသည်။

မေလ ၁၁ ရက်နေ့ကလည်း ပုလဲ-ယင်းမာပင် လမ်းပေါ် လက်တောင်းကြီးရွာနှင့် အလယ်ဘုံရွာကြားတွင် ယင်းမာပင်မှ ပုလဲမြို့သို့ ဦးတည်လာသော စစ်ကောင်စီကား ခုနှစ်စီး မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရသည်။mizzima

တော်လှန်ရေးကျောင်း FOEIM က အထက် တန်းဆင့် သင်ကြားရေး ဆရာ၊ ဆရာမများခေါ်ယူ

အခမဲ့အခြေခံပညာအဖွဲ့အစည်းတခုဖြစ်တဲ့ (FOEIM) က အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ချိတ်ဆက်ကာ ကြားကာလပညာရေးအတွက် တော် လှန်ရေးကျောင်းတွေ ဖွင့်လှစ်သင်ကြားနေရာမှာ လတ်တလောမှာတော့ အထက်တန်းဆင့် သင်ကြားရေး ဆရာ၊ ဆရာမတွေတွေ ခေါ်ယူနေပါတယ်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာတော့ အထက်တန်းဆင့်ကို National  သင်ရိုးနဲ့ GED သင်ရိုးတို့ပေါင်းစပ်ကာသင်ကြားပေးသွားမှာဖြစ်ကာ ဆရာ၊ ဆရာမတွေအနေနဲ့ မြန်မာစာ (National Curriculum)၊ English (National Curriculum) + English Language (GED) ၊ Mathematics (National Curriculum+ GED) ၊ Chemistry (National Curriculum) + Science (GED) ၊ Physics (National Curriculum) + Science (GED) ၊ Biology (National Curriculum) + Science (GED) ၊ Social Studies (GED) စတဲ့ ဘာသာရပ်တွေကို လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

သင်ကြားရေးဆရာ၊ ဆရာမတွေအနေနဲ့ သင်ရိုးတွေကို အတွေ့အကြုံရှိ ဆရာ၊ ဆရာမတွေဆီက သင်တန်းပေးတာတွေကို အခမဲ့ရရှိမှာဖြစ်ကာ အချိန်ပြည့်နဲ့ အချိန်ပိုင်းသင်ကြားရေး ရာထူး နှစ်မျိုးခွဲကာ လျှောက်ထားနိုင်မယ်လို့ ဆိုပါ တယ်။

FOEIM ဟာ နွေဦးတော်လှန်ရေးကာလမှာ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတွေကို အွန်လိုင်းနဲ့ မြေပြင်မှတဆင့် စဉ်ဆက်မပြတ် ပ ညာရေးပေးကာ ကြားကာလ ပြည်သူ့ပညာရေး ယန္တရားကို ဖော်ဆောင်နေတဲ့ လူထုအဖွဲ့ အစည်းတခု၊ ဒါမှမဟုတ် တော်လှန်ရေးကျောင်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ FOEIM ဟာ ကျောင်းသား၊ ကျောင်းသူတွေကို အွန်လိုင်းကတဆင့် ကြားကာလ အခြေခံပညာရေးကို စဉ်ဆက်မပြတ် ရရှိအောင် အခမဲ့ ပညာရေးရရှိစေဖို့ အစွမ်းကုန်ကြိုးစားခဲ့သလို၊ အခုလာမယ့် ပညာသင်နှစ်မှာလည်း အွန်လိုင်းကသာမက မြေ ပြင်မှာပါ စဉ်ဆက်မပြတ်ပညာရေးပေးစွမ်းနိုင်ဖို့ ကြိုးစားအကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ FOEIM အနေနဲ့ ကြားကာလ အွန်လိုင်းပညာရေးနဲ့ ကြားကာလ မြေပြင်ပညာရေးဆိုပြီးတော့ နှစ်မျိုးခွဲကာ သင်ရိုးသတ်မှတ်ပုံ၊ သင်ကြားရေးနဲ့ တတ်မြောက်မှုစစ်ဆေးခြင်းသတ်မှတ်ပုံတို့ကို ရေးဆွဲကာ ပိုမိုကောင်းမွန်တဲ့ ပညာ ရေးစနစ်ဖြစ်ပေါ်စေဖို့လည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။

အထက်တန်းဆင့် သင်ကြားရေး ဆရာ၊ ဆရာမလျှောက်ထားလိုပါက မေ ၁၂ ရက် ကနေ ၂၀ ရက်အထိ လျှောက်ထားနိုင်ပြီး ရွေးချယ်ခံရတဲ့ ဆရာ၊ ဆရာမတွေဟာ FOEIM နဲ့ တနှစ်စာချုပ် ချုပ်ဆိုရမှာဖြစ်တယ်လို့ ဆိုပါတယ်။

အသေးစိတ်အချက်အလက်တွေကိုတော့ တော်လှန်ရေးကျောင်း FOEIM ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကတဆင့် ဆက်သွယ်မေးမြန်းနိုင်ပြီး လျှောက်ထားလိုပါက  ဖော်ပြပါ https://forms.gle/pJxesNKEAHkPmdQk7 လင့်ခ်ကတဆင့် ဖောင်ဖြည့်သွင်းလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ DVB

ပျူစောထီးနှင့် စစ်ကောင်စီ အထိုင်ချသည့် ကနီမြို့နယ်မှ ရွာကို ဒေသခံကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးနှင့် စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲထားသည့် အလယ်ကျွန်းရွာကို ယမန်နေ့ (မေ ၁၀) က ၄ နာရီကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လေကြောင်းပစ်ကူကြောင့် နောက်ဆုတ်ခဲ့ရသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။

ကနီမြို့မှ ၃ မိုင်ခန့်အကွာ ရေလယ်ကျွန်းရွာသည် အိမ်ခြေ ၃၀ ခန့်သာရှိသည့် ကျေးရွာဖြစ်ပြီး စစ်တပ်နှင့် ပျူစောထီး အင်အား ၆၀ ခန့်က အ ထိုင်ချတပ်စွဲကာ စစ်ရေးလှုပ်ရှားနေ၍ ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ဆိုသည်။

“ရေလယ်ကျွန်းရွာထဲမှာလည်း ပြည်သူမရှိဘူး။ စစ်ကောင်စီကို ထောက်ခံတဲ့သူတွေရယ်၊ ပျူတွေရယ်၊ ပျူတွေကို သင်တန်းပေးတဲ့နေရာလည်း ဖြစ်တယ်။ အဲဒီမှာပဲ စခန်းချပြီး မနှစ်ကတည်းက စခန်းချပြီးနေတာ။ ရွာပျောက်ပြီး စစ်စခန်းလိုဖြစ်နေတာ။ 

“အဲဒီရွာကို မူတည်ပြီး စစ်၊ ရဲ၊ ပျူစောထီးတွေက စစ်ရေးလှုပ်ရှားလေ့ရှိတဲ့ရွာဖြစ်တယ်။ အဲဒီအတွက်ကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်တာ” ဟု ကနီမြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။

အလယ်ကျွန်းရွာတောင်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက်တို့တွင် ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့များက ဝိုင်းထားပြီး နံနက် ၈ နာရီမှစ၍ မွန်းတည့် ၁၂ နာရီအထိ ၄ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

ရွာပတ်ပတ်လည် သံဆူးကြိုးများ ကာရံထားပြီး ဘန်ကာ (ကတုတ်ကျင်း) များဖြင့် အထိုင်ချထားသည့် စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲထားရာ အဆိုပါကျေးရွာအတွင်း ဒေသခံကာကွယ်ရေးအဖွဲ့များ ဝင်ရောက်ခါနီးတွင် စစ်တပ်ဘက်မှ လေကြောင်းပစ်ကူလာရောက်ခဲ့သည်။

စစ်ကောင်စီရဟတ်ယာဉ်က အလယ်ကျွန်းရွာအနီး ၈ ကြိမ် ပျံဝဲပြီး လာရောက်ပစ်ခတ်ခဲ့ရာ ဒေသခံကာကွယ်ရေးအဖွဲ့များ နောက်ဆုတ်ခဲ့ရကြောင်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ဒေါင်းမင်းအဖွဲ့ခေါင်းဆောင်က ပြောသည်။

“ကျွန်တော်တို့က ပထမတော့ အနောက်ဘက်က လက်နက်ကြီးတွေနဲ့ ဝင်ထုတယ်။ အဲဒီတော့ သူတို့က ကျွန်တော်တို့ဘက်ကို ပြန်ပစ်တယ်။ အဲဒီအချိန် အရှေ့ဘက်ကနေ ပြန်ထုတာပေါ့။ အရှေ့ဘက်ကို မဲနေတဲ့အချိန် လက်နက်ငယ်တွေနဲ့ အတွင်းစည်းကို ဝင်စီးတာ။ အတွင်းစည်းကို ရောက်ခါနီးမှာ ရွာတောင်ဘက်က ကြက်ခြံတစ်ခြံကို မီးနဲ့ရှို့ပြီးတော့ အတွင်းကို ဝင်မယ်လုပ်တာ။ အတွင်းစည်းရောက်ရင် ရပြီ။ အဲဒီတော့ အတွင်းစည်းမရောက်ခင် ရဟတ်ယာဉ်နဲ့ လာပြီးပစ်တော့ နောက်ဆုတ်ပေးလိုက်ရတယ်” ဟု ထိုသူက ဆိုသည်။

စစ်တပ်နှင့် ပျူစောထီးဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်၍ အသေးစိတ်မသိရကြောင်း၊ အဖွဲ့ဝင်နှစ်ဦး ခြေထောက်တွင် ကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

ဒေသခံကာကွယ်ရေးအဖွဲ့များအားကောင်းသည့် ကနီမြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲထားသည့် နေရာ ၃ နေရာအနက် အခိုင် အမာအထိုင်ချတပ်စွဲထားသည်မှာ အလယ်ကျွန်းရွာတစ်ခုတည်းသာရှိကြောင်း ကနီမြို့နယ် ဒေသခံများက ပြောသည်။

စစ်တပ်က လေကြောင်းမှ ပစ်ကူသည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ရသော်လည်း အားလျှော့သွားမည်မဟုတ်ကြောင်း ဒေါင်းမင်းအဖွဲ့ခေါင်း ဆောင်က ဆိုသည်။

စစ်တပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ အထိုင်ချတပ်စွဲထားခဲ့သည့် ကနီမြို့နယ်၊ ဝင်းမနားရွာရဲစခန်းကို ဒေသခံကာကွယ်ရေးအဖွဲ့များက မေ ၄ ရက်နေ့တွင် တိုက်ခိုက်ခဲ့ပြီးနောက် တပ်စွဲထားသည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးခဲ့သည်။

စစ်တပ်နှင့် ပျူစောထီးများ အထိုင်ချတပ်စွဲထားသည့် ရေလယ်ကျွန်းရွာကို ပြီးခဲ့သည့် ဧပြီ ၁၆ ကလည်း ဒေသခံကာကွယ်ရေးအဖွဲ့များ ပူ းပေါင်းတိုက်ခိုက်ခဲ့စဉ် ကနီမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်တပ်က လက်နက်ကြီးများ ပစ်ကူသဖြင့် ဒေသခံကာကွယ်ရေးအဖွဲ့များ နောက်ဆုတ်ခဲ့ရကြောင်း DRPA (အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်) အဖွဲ့က ထုတ်ပြန်ထားသည်။

ကနီမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၃ ခုနှင့် ကျေးရွာအုပ်စု ၄၅ အုပ်စုရှိသည့်အနက် ကနီမြို့ပေါ်နှင့် အလယ်ကျွန်းရွာမှအပ ကျန်ကျေးရွာများတွင် စစ်အုပ်ချုပ်ရေးယန္တရားရပ်တန့်ကာ ဒေသခံကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးထားနိုင်သည့် အခြေအနေဖြစ်ကြောင်း ကနီမြို့နယ်ဒေသခံများထံမှ သိရသည်။ myanmar now

ရဲတံခွန်စီမံကိန်းမှ ဂျပန်စွမ်းအင်ကုမ္ပဏီ ENEOS နုတ်ထွက်သွားသည့်အပေါ် ကြိုဆို

ဂျပန်အခြေစိုက် စွမ်းအင်ကုမ္ပဏီကြီးဖြစ်တဲ့ ENEOS လုပ်ငန်းစုကြီးအနေနဲ့ မြန်မာစစ်တပ်အတွက် ဘဏ္ဍာငွေထောက်ပံ့ပေးနေတဲ့ ရဲတံခွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းလုပ်ငန်းကနေ နုတ်ထွက်လိုက်တဲ့အပေါ် လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်သူတွေက ကြိုဆိုလိုက်ပါတယ်။

အခုလို နုတ်ထွက်ရာမှာ ENEOS နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေအနေနဲ့ ဒေသခံလူထု အပါအဝင် သက်ဆိုင်သူတွေနဲ့ ပွင့်လင်းမြင်သာစွာ ဆွေးနွေးတိုင်ပင်ပြီး တာဝန်ယူမှု တာဝန်ခံမှုနဲ့ နုတ်ထွက်ကြဖို့လည်း Mekong Watch၊ FoE Japan နဲ့ Justice for Myanmar အဖွဲ့အစည်းတို့က တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှ ထွက်ခွာရာမှာ ENEOS နဲ့ နိုင်ငံတကာ မိတ်ဘက်အဖွဲ့အစည်းတွေ အနေနဲ့ ကုန်ခမ်းလုနီးပါး ဖြစ်မယ်လို့ ခန့်မှန်းထားတဲ့ ဓာတ်ငွေ့တွင်းတွေကို အဆင့်ဆင့်ပိတ်သိမ်းဖို့ အစီအစဉ်တကျ လုပ်ဆောင်ပေးဖို့နဲ့ ဒီလိုစနစ်တကျ ဆောင်ရွက်မှသာ ကျန်ရှိနေသေးတဲ့ ဝင်ငွေတွေ မြန် မာစစ်တပ်ထံ မရောက်ဖို့ သေချာစေမှာဖြစ်သလို လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေကို ရှောင်ရှားနိုင်မယ်လို့ ဆိုပါတယ်။

ရဲတံခွန်စီမံကိန်းမှ အကျိုးအမြတ်ရရှိခဲ့တဲ့ ဂျပန်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ သဘာဝဓာတ်ငွေ့တွင်းတွေကို တာဝန်ယူမှု တာဝန်ခံမှုနဲ့ ပိတ်သိမ်းဖို့ လိုအပ်သလို တဖက်မှာလည်း ဆိုးကျိုးသက်ရောက်မှု ရှိစေတဲ့ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေကို ပြန်လည်ကုစားပေးဖို့ လိုတယ်လို့ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်သူတွေက သုံးသပ်ပြောပါတယ်။

Mekong Watch အဖွဲ့ ဒါရိုက်တာ ယူခါကီဂူချီက “ENEOS ရဲ့ ထုတ်ပြန်ချက်တွေမှာ ကုမ္ပဏီတွေ နုတ်ထွက်ပြီးတဲ့နောက် ဓာတ်ငွေ့ထုတ်လုပ်မှု ဆက်ပြီး ရှိမရှိ ဆိုတာမျိုးနဲ့ ရုပ်သိမ်းတဲ့ ကုမ္ပဏီတွေအနေနဲ့ကလည်း ဓာတ်ငွေ့တွင်းတွေ ပိတ်သိမ်းတဲ့ လုပ်ငန်းအတွက် ဘယ်လိုတာဝန်ယူမယ်ဆိုတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြောကြားတာမျိုး မရှိပါဘူး။ သူတို့အနေနဲ့ ရုပ်သိမ်းတာမှာ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပြီး နုတ်ထွက်တဲ့ ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် တာဝန်ခံရမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

Justice for Myanmar မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း “ENEOS Holdings ဟာ မြန်မာပြည်သူတွေနဲ့ ကမ္ဘာတဝန်း တက်ကြွလှုပ်ရှားသူတွေရဲ့ ညီညီညာညာနဲ့ ဆက်တိုက် ဖိအားပေးမှုတွေကြောင့် မြန်မာစစ်ရာဇဝတ်ဂိုဏ်းနဲ့ ပူးတွဲလုပ်နေတဲ့ သူတို့ရဲ့လုပ်ငန်းကို ရပ်ဆိုင်းလိုက်ပါပြီ။ အခုတော့ ENEOS က သူတို့ရဲ့ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းတွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ဖို့ တာဝန် ရှိကြောင်း ပြသရမယ့်အချိန် ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ ENEOS အနေနဲ့ ပိုက်လိုင်းဧရိယာအတွင်းက လူမှုအသိုင်းအဝိုင်းတွေ အပါအ ဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ အဓိကတာဝန်ရှိသူတွေနဲ့ အနီးကပ် တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။ နားလည်ထားရမှာက စစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့အစိုးရ မဟုတ်ပါဘူး။ အကြမ်းဖက် စစ်ရာဇဝတ်ဂိုဏ်းပါ။ ENEOS ဘက်က စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ အစိုးရတရပ်အနေနဲ့ ရည်ညွှန်းပြောဆိုနေတာတွေ ရပ်တန့်ပြီး သူတို့ရဲ့ ထုတ်ပြန်ချက်တွေမှာ စစ်ကောင်စီကို တရားဝင်ဖြစ်စေတဲ့ အသုံးအနှုန်းတွေကို ဖယ်ရှားပစ်ဖို့လိုတယ်” လို့ ပြောပါတယ်။

ဂျပန်အခြေစိုက် ENEOS စွမ်းအင်ကုမ္ပဏီကြီးရဲ့ လုပ်ငန်းခွဲတခုဖြစ်တဲ့ Nippon Oil Exploration (Myanmar) က ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံထားသလို ဂျပန်အစိုးရနဲ့ Mitsubishi ကော်ပိုရေးရှင်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း ပါဝင်နေပါတယ်။

ဒါကြောင့် ဂျပန်အစိုးရ အပါအဝင် ENEOS နဲ့ Mitsubishi ကော်ပိုရေးရှင်းတို့မှ အစုရှယ်ယာရှင်တွေ အနေနဲ့ ရဲတံခွန်စီမံကိန်းမှ နုတ်ထွက်ခြင်းနဲ့ ပိတ်သိမ်းရေး လုပ်ငန်းစဉ်တွေမှာ စနစ်တကျ ဖြစ်စေဖို့လည်း တောင်းဆိုလိုက်တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း Mekong Watch၊ FoE Japan၊ Justice for Myanmar နဲ့ NGO အဖွဲ့အစည်းတွေမှ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ENEOS နဲ့ Mitsubishi တို့မှ ရင်းနှီးမြှုပ်နှံသူတွေ အပါအဝင် မြန်မာပြည်မှာ ပြဿနာရှိနေတဲ့ စီမံကိန်းတွေကတဆင့် ငွေကြေးပံ့ပိုးမှုရှိနေတဲ့ ဂျပန်ကုမ္ပဏီ ၄ ခုတို့မှ အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူ ၁၂၅ ဦးထံ စာရေးသား ပေးပို့ခဲ့ပါသေးတယ်။

ဒါကြောင့် ကုလသမဂ္ဂရဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်မှုတွေအောက်မှာ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ ဂျပန်အ စိုးရအနေနဲ့ နိုင်ငံတော်တာဝန်မှ တဆင့် အထူးအရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့ ဆိုပါတယ်။ DVB

ထီရိစခန်းကို ကာကွယ်ရေးတပ်ဖွဲ့သိမ်း၊ စစ်ကောင်စီတပ်သားနှင့် PNO ၁၅ ဦးခန့်သေ ၊ ၅ဦးအရှင်ဖမ်းမိ၊ ကာကွယ်ရေးတပ်သား ၂ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ထီရိကျေးရွာရှိ စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PN O)ပူးပေါင်းတပ်ကို ဖယ်ခုံ PDF တပ်ရင်း (၂) နှင့် KNDF တို့မှ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်လိုက်သည်။

ယနေ့ မေလ ၁၂ ရက် နံနက်ပိုင်းတွင် ဖယ်ခုံ၊ပင်လောင်း၊ညောင်ရွှေနယ်စပ် ညောင်ရွှေ-နမ့်ပွန်-ထီရိ-လွယ်ပေါ လမ်းမအနီး စာသင်ကျောင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် PNO တပ်စခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးတစ်ဦးအပါအဝင် ၁၅ ဦးခန့် သေကာ PNO တပ် သား သုံးဦးနှင့် စစ်ကောင်စီတပ်သား နှစ်ဦးအား အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့တိုက်ပွဲက မနက်ပိုင်း ၄ နာရီခွဲလောက်မှာစဖြစ်တာ တစ်နာရီခွဲလောက်ကြာတယ် တိုက်ပွဲက၊ သူတို့က ကတုတ်ကျင်းတွေတူးပြီး အခိုင်အမာစခန်းချထားတယ် စာသင်ကျောင်းရှေ့မှာ ဝါးတားဂိတ် တစ်ခုထားပြီး သူတို့က စစ်တာဆေးတာတွေလုပ်တယ် ဒေသခံတွေကို ဖမ်းတာဆီးတာတွေလုပ်တယ် ငွေတွေတောင်းတယ် ဒူးထောက်ထိုင်ခိုင်းတယ် အဲ့တာမျိုးတွေလုပ်လာလို့ ကျွန်တော်တို့ကသွားပြီး တိုက်ခိုက်သိမ်း ပိုက်လိုက်တာပါ၊ပြီးတော့စခန်းသိမ်းလိုက်နိုင်တယ် စကစ(စစ်ကောင်စီတပ်သား) နဲ့ PNO ၁၅ ဦးလောက်သေတယ် နောက်ဆုံးငါးဦးကတော့ လက်နက်ချတဲ့အတွက် အရှင်ဖမ်းမိခဲ့တယ်” ဟု တိုက်ပွဲအကျဉ်းချုပ်အား ဖယ်ခုံPDF တပ်ရင်း ၂ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

တိုက်ပွဲအတွင်း ၈၁ လက်နက်ကြီးတစ်ခု၊ အာပီဂျီတစ်ခု၊ ၆၀ စိန်ပြောင်းတစ်ခု၊ ၇၉ တစ်လက်အပါအဝင် လက်နက်ငယ်များနှင့် ခဲယမ်းအများအပြားအား သိမ်းဆည်းနိုင်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

တိုက်ပွဲအပြီး ခဏအကြာတွင် စစ်ကောင်စီတပ်ဘက်မှ ရဟတ်ယာဉ်တစ်စင်းဖြင့် တိုက်ပွဲဖြစ်ရာအနီးဝန်းကျင်ဒေသများအား လာရောက်ပစ်ခတ်သကဲ့သို့ ဖယ်ခုံအထိုင်တပ်မှ လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း ဖယ်ခုံPDF တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲအတွင်း ဖယ်ခုံ PDF တပ်ရင်း (၂ )မှ ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရပြီး တစ်ဦးမှာ ဗိုက်ပွင့်ကာ အခြားတစ်ဦးမှာ ပေါင်တွင် ကျည်ထိမှန် သည်ဟု ၎င်းကပြောသည်။

“တစ်ယောက်က လက်နက်ကြီးထိမှန်တာ ဗိုက်ပွင့်တာကို ခွဲစိတ်တာအောင်မြင်တယ်လို့ပြန်ကြားရတယ် ကျွန်တော်တော့သေချာသွားမကြည့်ရသေးဘူး” ဟု ဒဏ်ရာရရဲဘော်၏ အခြေအနေကို ဖယ်ခုံ PDF တပ်ရင်း (၂ )တာဝန်ရှိသူက ပြောသည်။

ထိုတိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအား ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ဖွဲ့နှင့် အညီအမျှခွဲဝေယူကြသည်ဟုဆိုသည်။

တိုက်ပွဲတွင်အရှင်ဖမ်းမိသည့် PNO တပ်သား သုံးဦးနှင့် စစ်ကောင်စီတပ်သား နှစ်ဦးအား အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဌာန အလယ်ပိုင်းတိုင်း ရှမ်း−ကယားစစ်ရေးကော်မရှင်အဖွဲ့အား သွားရောက်အပ်နှံခဲ့ကြောင်းသိရသည်။

တိုက်ပွဲဖြစ်ရာအနီးဝန်းကျင်ရှိ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေအတွက်အတိအကျအား မသိရသေးပေ။ mizzima

ပျူစောထီးရန်ကြောက်၍ တိမ်းရှောင်နေရသည့် ပန္ဒလဲကျေးရွာမှ ပြည်သူများ နေရပ်မပြန်နိုင်သေး

စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုအပြီး ရွာလုံးကျွတ် နေအိမ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာက ပြည်သူတွေ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။

စွန်ရဲအမည်ခံ ပျူစောထီးအဖွဲ့ဝင်တွေဟာ လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာအတွင်း ကျေးရွာရပ်မိရပ်ဖ ၃ ဦးကို ဧပြီ ၂၈ ရက်ညက နေအိမ်တွေအထဲထိ ဝင်ရောက်ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ တလကျော်လောက်ကတည်းက ဖမ်းဆီးခံထားရတဲ့ အသက် ၃၀ အရွယ် ပန္ဒလဲကျေးရွာသား ကိုသားကြီးဆိုသူကိုလည်း ထားဝယ်-လောင်းလုံး ကားလမ်းမပေါ်မှာ မေ ၃ ရက်၊ မနက် ၂ နာရီလောက်က လက်ပြန်ကြိုးတုပ် ပစ်ခတ်သတ်ဖြတ်ခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ ပန္ဒလဲကျေးရွာက ရွာခံတွေဟာ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကို စိုးရိမ်တဲ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်လာနိုင်တဲ့အတွက် ရွာလုံးကျွတ် နေအိမ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြပြီး နီးစပ်ရာ ကျေးရွာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။

ပန္ဒလဲရွာခံ အမျိုးသမီးတဦးက “ရှောင်နေကြရတော့ အခက်အခဲက မျိုးစုံကြုံနေကြရတာပဲ။ အခုဆို မိုးလည်းရွာနေပြီဆိုတော့ လယ်ထဲဆင်းကြရတော့မှာ။ ဒါပေမဲ့ ဘယ်သူမှ ရွာမပြန်ရဲကြဘူး” လို့ ပြောပါတယ်။

အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ပန္ဒလဲကျေးရွာဟာ ထားဝယ်-လောင်းလုံး ကားလမ်းမပေါ်မှာရှိပြီး အခုလို ရှောင်တိမ်းနေကြရတဲ့အတွက် နေစရာအခက်အခဲဖြစ်တာ၊ နေအိမ်တွေ ဖောက်ထွင်းခံရမှာ စိုးရိမ်တာ၊ အလုပ်တွေ ရပ်နားထားရတဲ့အတွက် ဝင်ငွေမရှိတော့တာတွေလည်း ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ ၁ ရက်နေ့ကတော့ ပန္ဒလဲကျေးရွာအတွင်း စခန်းချနေထိုင်တဲ့ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ ၄၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်မှု ရှိခဲ့ပါတယ်။

ပန္ဒလဲကျေးရွာအတွင်း စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့ဝင် ၁၅ ဦးခန့်ရှိပြီး ရွာခံတွေကို ဖမ်းဆီးတာ၊ သေနတ်ပစ်ဖောက် ခြိမ်းခြောက်တာ၊ လူနေအိမ်တွေ၊ ဈေးဆိုင်တွေမှာ လစဉ် ဆက်ကြေးကောက်တာတွေ မကြာခဏ ပြုလုပ်လေ့ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပျူစောထီးအဖွဲ့တွေ ဖွဲ့စည်းပေးထားတာ မရှိဘူးလို့ ငြင်းဆိုထားပေမဲ့ ပန္ဒလဲကျေးရွာက ပျူစောထီးအဖွဲ့ဝင်တွေကတော့ ရဲစခန်းတွေကို ဝင်ထွက်သွားလာတာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပေါင်းပြီး ပြည်သူတွေကို ဖမ်းဆီးတာတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။ DVB

ပျောက်ကျားစစ်မှ ခုခံစစ်သို့ ပြောင်းချိန်တွင် စစ်တပ်ကို ခုခံတိုက်ခိုက်ရန် ကျည်အလုံအ လောက် ရှိရန် လိုအပ်ဟု နှလုံးလှလူမိုက်ကြီးများအဖွဲ့က အကူအညီတောင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင် အမှတ် ၅ တပ်ရင်း – နှလုံးလှလူမိုက်ကြီးများအဖွဲ့သည် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲများ ပိုမိုပြင်း ထန်လာပြီး ကျည်လုံလောက်မှုရှိစေရန် ပြည်သူများ၏ ထောက်ပံ့ကူညီမှုများ လိုအပ်နေကြောင်း ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

“ကျနော်တို့မှာ တိုက်ပွဲတစ်ပွဲ တိုက်မယ်ဆိုရင် ကျည်ဆန်ရှိမှပါ၊ ကျည်ဆန်မရှိဘဲ သေနတ်ရှိရုံနဲ့ တိုက်လို့ မရပါဘူး။ ကျနော်တို့မှာ ကျည်အလုံအလောက် မရှိရင် တိုက်ပွဲတိုက်တဲ့အခါ ကျွန်တော်တို့အသက်တွေက သေရုံပဲ ရှိပါတော့တယ်”ဟု နှလုံးလှလူမိုက်ကြီးများအဖွဲ့မှ ကိုအရှည်ကြီးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် မြောင်မြို့နယ်တွင် တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားပြီး မေလ ၃ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၉ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့က ထုတ်ပြန်ထားသည်။

“ကျနော်တို့က ပြောက်ကျားစစ်ကနေ ခုခံစစ်သို့ ပြောင်းလဲခြင်း စစ်ဆင်ရေးနဲ့ သွားနေတာပါ၊ အဖွဲ့မှာက လူအင်အား ရာကျော် ရှိပါတယ်။ ထောက်ပံ့မှုက နည်းတေ့ာ အခက်အခဲများစွာ ရှိပါတယ်ဗျ။ ကျနော်တို့တွေက ရှေ့ကနေ အသက်တွေ၊ ဘဝတွေ၊ မိသားစုတွေကို စွန့်လွတ်ခဲ့ပြီးပြီ၊ နိုင်ငံကို စစ်အာဏာရှင်စနစ်ဆိုး အောက်ကို အရောက်မခံနိုင်ဘူး၊ နိုင်အောင်တိုက်မှာပါ။

အခုဆို တော်လှန်ရေးခရီးတဝက် ကျော်လာပါပြီ၊ ပြည်တွင်း ပြည်ပ အလှုရှင်တွေအနေနဲ့ တတ်နိုင်သလောက် ကူညီပေးစေလိုပါတယ်ဗျ။ မိဘပြည်သူများကလည်း တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီပေးစေချင်ပါတယ်၊ ဘယ်နေရာက ပါဝင်ဝင် တော်လှန်ရေး သမားပါ” ဟု ကိုအရှည်ကြီးက ဆက်ပြောသည်။

ဆက်သွယ်လှူဒါန်းထောက်ပံ့လိုပါက မြင်းခြံခရိုင်အမှတ်-၅ တပ်ရင်း ဖေ့စ်ဘုတ်စာမျက်နှာ၏ Chat Box မှတဆင့် ဆက်သွယ်နိုင်ကြောင်း မြင်းခြံခရိုင် အမှတ် ၅ တပ်ရင်း – နှလုံးလှလူမိုက်ကြီးများအဖွဲ့က ပြောဆိုသည်။

https://www.facebook.com/385165108587508/posts/1494975324273142/?d=n ကို လင့်တွင် ဆက်သွယ်နိုင်ပါသည်။ khit thit

ပေါက်မြို့နယ်တွင် ခရီးသွားပြည်သူတဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ မေ ၁၁ ရက် မနက်ပိုင်းက ဆောမြို့နယ်က ခရီးသွားပြည်သူတယောက်ကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်မြို့နယ် ပေါက်တော (အထက်) ကျေးရွာမှာ မနေ့က မနက် ၁၁ နာရီခွဲလောက်မှာ ဆောမြို့နယ် လက်ပန်းကျေးရွာက ကိုအောင်လှိုင်မိုးကို စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက ဖမ်းဆီးပြီး ပေါက်မြို့မရဲစခန်းကို ခေါ်သွားကြတယ်လို့ ပေါက်တောကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ဆောမြို့နယ်နဲ့ ပေါက်မြို့နယ်က နယ်မြေချင်း ထိစပ်နေတာဆိုတော့ တမြို့နယ်နဲ့ တမြို့နယ်၊ တရွာနဲ့တရွာ ဒီလိုပဲ ခရီးသွားလာနေကြတာဗျ။ သူတို့တွေက ကိုအောင်လှိုင်မိုးကို စစ်မေးပြီး PDF သင်တန်းဆင်းလို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတာ။ ဘာအထောက်ထားမှလည်း တွေ့တာမ ဟုတ်ဘဲ ဖမ်းဆီးခံလိုက်ရတာ။”

စစ်ကောင်စီတပ်နဲ့ အပေါင်းပါတွေဟာ အခုရက်ပိုင်းအတွင်း ပိတ်ဆို့စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး အပြစ်မဲ့ပြည်သူတွေ တောက်လျှောက် အဖမ်းခံနေရသလို ပေါက်မြို့နယ် ကျေးလက်ဒေသတွေက ပြည်သူတွေနဲ့ ဆောမြို့နယ်ဘက်က ခရီးသွားပြည်သူ ၅ ယောက်ထက်မနည်း အဖမ်းခံထားရတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ အခုတပတ်အတွင်း ပခုက္ကူခရိုင်အတွင်းက ဒေသခံ ပြည်သူတွေကို PDF လို့စွပ်စွဲပြီး ဆက်တိုက်ဖမ်းဆီးနေသလို လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နေအိမ်တွေနဲ့ နွေဦးတော်လှန်ရေးမှာ တက်ကြွလှုပ်ရှားခဲ့သူတွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်တာတွေ ဆက် တိုက် လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။ DVB

မုံရွာမြို့နယ်အတွင်း လမ်းပိုင်းအချို့ ယာယီပိတ်ပင်ဟု ကာကွယ်ရေးတပ် ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အတွင်းရှိ လမ်းပိုင်း အချို့တွင် စစ်ကောင်စီတပ်က အိမ်စီးကားများ အသုံးပြုနေ သဖြင့် ယာယီ ပိတ်ပင်လိုက်ကြောင်း ဒေသကာကွယ်ရေး Black Dragon Special Task Force က မေလ ၁၁ ရက်နေ့တွင် ထုတ်ပြန် သည်။

မုံရွာ – ဗောဓိတစ်ထောင်လမ်း ၊ ကျောက္ကာ – ဗောဓိ ဖြတ်လမ်း ၊ မုံရွာ – အရာတော် လမ်းပိုင်းတို့တွင် အရေးကြီး ကိစ္စမရှိဘဲ သွားလာခြင်း မပြုရန် မဟာမိတ်များ ကိုယ်စား မေတ္တာရပ်ခံကြောင်း ဆိုသည်။

မဖြစ်မနေ အသုံးပြုမည်ဆိုပါ ပတ်ဝန်းကျင် အခြေအနေများ လေ့လာရန်နှင့် အိမ်စီးကားများ မှန်ချမောင်းနှင်ရန် သတိပေးထားသည်။

၎င်းအပြင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေး တင်းမာနေသည့် ဆားလင်းကြီး -ညောင်ပင်ကြီးလမ်းနှင့် ပုသိမ် – မုံရွာ လမ်းပိုင်းအား ဒေသ ကာကွယ်ရေးတပ်ဖွဲ့များက ယာယီ ပိတ်ပင်ထားသည်။

ယမန်နေ့ ကလည်း ပခုက္ကူ – ချောင်းဉီး လမ်းပိုင်းအတွင်း သွားလာနေသည့် မော်တော်ယာဉ်များ မှန်ချ မောင်း နှင်ရန်နှင့် မိုးကာအုပ်၍ မောင်းနှင်ခြင်း များ မပြုလုပ်ရန် Northern – Yesagyo ပြောက်ကျားတပ်ဖွဲ့မှ သတိပေးထားသည်။ mizzima

« Older Entries Recent Entries »