ကန့်ကွက်မှုများကြောင့် အကြမ်းဖက်စစ်တပ် ၏ ဩစတြေးလျသံအမတ် သာအောင်ညွန့် သြစတြေးလျ-အာဆီယံ ထိပ်သီးစီးပွားရေးဖိုရမ် တက်ခွင့် ဖယ်ရှားပိတ်ပင်ခံရ

အကြမ်းဖက်စစ်တပ်ရဲ့ ဩစတြေးလျသံအမတ် သာအောင်ညွန့်ကို မေလ ၂၃ ရက်နေ့ ကျင်းပမယ့် သြစတြေးလျ-အာဆီယံ ထိပ်သီးစီးပွားရေးဖိုရမ်တက်ဖို့ ဖိတ်ကြားခဲ့ပေမယ့်လည်း ကန့်ကွက်မှုတွေ ရှိတာကြောင့် ဖိုရမ်တက်ရောက်ခွင့် မပြုတော့ဘဲ ဖယ်ရှားခံလိုက်ရတယ်လို့ သိရပါတယ်။

ဩစတြေးလျ-အာဆီယံ ထိပ်သီး စီးပွားရေး ဖိုရမ်ကို ဗစ်တိုးရီးယားပြည်နယ် အစိုးရက ဦးစီးကျင်းပမှာဖြစ်ပြီး Justice for Myanmar က စစ်ကောင်စီသံအမတ်ကို ဖိုရမ်ဖိတ်ကြားမှုအပေါ် ကန့်ကွက်ခဲ့တာလည်း ဖြစ်ပါတယ်။

အာဆီယံ စီးပွားရေးဖိုရမ်မှာ မိန့်ခွန်းပြောဖို့ မြန်မာပြည်သူတွေရဲ့ တရားဝင် ကိုယ်စားလှယ် NUG ကို မဖိတ်ဘဲ အကျင့်ပျက်ခြစားမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စက်ဆုပ်ဖွယ် စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ဘာကြောင့် ဖိတ်ကြားခဲ့သလဲ ဆိုတဲ့အပေါ် မနေ့ကပြုလုပ်တဲ့ ပါလီမန်အစည်းအဝေးမှာ ဗစ်တိုးရီးယားပြည်နယ် ဂရင်းပါတီခေါင်းဆောင် Samantha Ratnam က မေးခွန်းထုတ်ခဲ့ပြီးနောက် စစ်ကောင်စီသံအမတ်ကို ဖိုရမ်တက်ခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

Samantha Ratnam ကို မြန်မာပြည်သူလူထုနဲ့ အတူတကွ ရပ်တည်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့ JFM က သတင်းထုတ်ပြန်ပါတယ်။

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ မေလ ၂၃ ရက်နေ့ ကျင်းပမှာဖြစ်တဲ့ ဩစတြေးလျ-အာဆီယံ စီးပွားရေး ဖိုရမ်သို့ တက်ရောက်ဖို့ မြန်မာအကြမ်းဖက် စစ်ကောင်စီ သံအမတ်ကို ပွဲတာဝန်ရှိသူများက ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဖိုရမ်ရဲ့ ညစာစားပွဲ မတိုင်မှီ ညနေပိုင်းမှာ စစ်ကောင်စီ သံအမတ်ဖြစ်တဲ့ သာအောင်ညွန် က ကျေးဇူးတင်စကား ပြောကြားမယ့် အစီအစဥ် ရှိတယ်လို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူများအဖွဲ့ဖြစ်တဲ့ Justice for Myanmar အဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အဆိုပါ ဩစတြေးလျ-အာဆီယံ စီးပွားရေး ဖိုရမ်ကို ဩစတြေးလျနိုင်ငံရဲ့ ဒုတိယ အကြီးဆုံး ပြည်နယ်ဖြစ်တဲ့ ဗစ်တိုရီးယားပြည်နယ်ရဲ့ အစိုးရအေဂျင်စီ ဖြစ်တဲ့ Global Victoria က ဦးစီး ဦးဆောင်ပြုပြီး ကျင်းပခြင်းလည်း ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗစ်တိုးရီးယားပြည်နယ် ဂရင်းပါတီခေါင်းဆောင် Samantha Ratnam က မဲလ်ဘုန်းမှာကျင်းပမဲ့ အာဆီယံစီးပွားရေးဖိုရမ်မှာ မိန့်ခွန်းပြောဖို့ မြန်မာစစ်အာဏာရှင် ကိုယ်စားလှယ်ကို ဘာကြောင့်များ ဖိတ်ကြားရတာလဲ လို့ သူမရဲ့ တွစ်တာအကောင့်ကနေ စတင်ပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

အတိုက်အခံပါတီခေါင်းဆောင်လည်း ဖြစ်တဲ့ Samantha Ratnam က ပါလီမန်အတွင်း အစိုးရခေါင်းဆောင် တာဝန် ထမ်းဆောင်နေတဲ့ ရှေ့နေချုပ်ကို မနေ့က ကျင်းပတဲ့ လွှတ်တော်အတွင်း အခုလိုလည်း တင်ပြပြောဆိုခဲ့ပါတယ်။

“ဗစ်တိုးရီးယားအစိုးရက မြန်မာပြည်သူတွေရဲ့ တရားဝင် ကိုယ်စားလှယ်တွေအဖြစ် NUG ကို ထောက်ခံရမယ့်အစား၊ အကျင့်ပျက်ခြစားမှုတွေနဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စစ်အာဏာရှင်တွေကို ဘာကြောင့် တရားဝင်မှု ပေးနေရတာလဲ” လို့ ပြောဆိုခဲ့တာပါ။

ဒါ့ကပြင် သူမအနေနဲ့ မြန်မာစစ်ကောင်စီကိုယ်စားလှယ်ကို ဖိတ်ကြားထားမှုနဲ့ ပတ်သက်ပြီး ချက်ချင်း ရုပ်သိမ်းဖို့ပေး‌ဖို့အတွက် ဗစ်တိုးရီးယား ဝန်ကြီးချုပ် ဒန်နီရယ် အင်ဒရူးကို တောင်းဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

အာဆီယံ စီးပွားရေး ဖိုရမ်မှာ မြန်မာအကြမ်းဖက် စစ်တပ်ရဲ့ ကိုယ်စားလှယ်ကို ဖိတ်ကြားပြီး မိန့်ခွန်းပြောဆိုခွင့်ပေးခြင်းဟာ မြန်မာစစ်တပ်ကို လူရာသွင်းရာ ရောက်ပြီး သူတို့အတွက် တရားဝင်မှုကို ပေးလိုက်သလိုပါပဲ၊ ဒါ့အပြင် ဒါဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေကို ငွေကြေးထောက်ပံ့နိုင်ဖို့အတွက် စီးပွားရေး အခွင့်အလမ်းတွေကို ပေးအပ်နေရာ ရောက်တယ်လို့လည်း Justice for Myanmar အဖွဲ့က ထောက်ပြ ပြောဆိုပါတယ်။

စစ်အစိုးရ ကိုယ်စားလှယ်ကို ဖိတ်ကြားထားခြင်း မပယ်ဖျက်ဘူးဆိုရင် ဖိုရမ်ကို သပိတ်မှောက်ကြဖို့ ဖိုရမ်အတွင်း တက်ရောက်ဆွေးနွေး ဟောပြောကြမည့်သူများကို JFM က တောင်းဆိုခဲ့တာပါ။

လက်ရှိမြန်မာနိုင်ငံဟာ မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ပိုင်း နိုင်ငံတကာရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် စီးပွားရေး အ ကြပ်အတည်းနှင့် ရင်ဆိုင်နေရပါတယ်။ မြန်မာငွေကြေးတန်ဖိုးမှာ စံချိန်တင် ကျဆင်းခဲ့သလို၊ အာဏာသိမ်းမှု၏ အကျိုးဆက်အနေနှင့် နိုင် ငံတကာ ရင်းနှီးမြှပ်နှံမှုများ ရပ်တန့်နေပြီး၊ ရှိရင်းစွဲ နိုင်ငံတကာ ကုမ္ပဏီကြီးတွေကလည်း တစတစ ပြန်လည်ထွက်ခွာနေတာကြောင့် နိုင်ငံခြားငွေ အသည်းအသန် လိုအပ်နေချိန်လည်း ဖြစ်ပါတယ်။

အခု ဩစတေးလျှ-အာဆီယံ စီးပွားရေး ဖိုရမ် ဟာ အကြမ်းဖက် စစ်တပ်အတွက် နိုင်ငံခြားဝင်ငွေ ရှာပေါက် ရှာလမ်း ရရှိနိုင်တဲ့ အခွင့်အရေး ဖြစ် နေပါတယ်။ ဒါကြောင့်မို့လည်း ယခု ဩစတြေးလျ-အာဆီယံ စီးပွားရေး ဖိုရမ်အပါအဝင် မည်သည့်နိုင်ငံတကာ စင်မြင့်များမှာမဆို မြန်မာ အကြမ်းဖက်စစ်တပ်ကို အသိအမှတ်ပြု ဖိတ်ကြား ဆက်ဆံခြင်းများ မပြုလုပ်ကြဖို့ JFM က တစိုက်မတ်မတ် တောင်းဆိုခဲ့တာဖြစ်ပါတယ်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s