ကရင်နီရဲဘော်များ မေတ္တာဖြင့်ကျင်းပပြုလုပ် ပေးသည့် CDM ဒုတပ်ကြပ်၏ မင်္ဂလာပွဲ

ပုသိမ်လေတပ်စခန်းဌာနချုပ် လေကြောင်းဆေးပညာဌာနမှ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သည့် ဒုတပ်ကြပ် မြင့်မြတ်သူရအောင်၏ မင်္ဂလာပွဲကို

ယမန်နေ့ မေလ ၁၂ ရက်က ကရင်နီပြည်သူ့ရင်ခွင်အဖွဲ့နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ရဲဘော်များ၏ ဝိုင်းဝန်းကူညီမှုဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

“ကျွန်တော်က သူနဲ့အစောကြီးကတည်းက ပုသိမ်မှာ တာဝန်ကျနေတုန်းက တွေ့ခဲ့တာပေါ့။ ခက်ခက်ခဲခဲနဲ့ပြေးလွှားရင်း ဒီလိုပြည်သူ့ရင်ခွင်အဖွဲ့ကနေပြီး ကျွန်တော်တို့ကို မင်္ဂလာပွဲလေးလုပ်ပေးတော့ ကျွန်တော်တို့မှာလည်း ဘဝမှာ မေ့လို့မရတဲ့အခိုက်အတန့်လေးပေါ့။ တစ်သက်လုံးလည်း အမှတ်ရနေမှာပါ။ အခက်အခဲတွေ လိုအပ်ချက်တွေကြားက အားလုံးရဲ့ကူညီပေးမှုနဲ့ ကိုယ်ချစ်ရတဲ့မိန်းကလေးနဲ့ မင်္ဂလာဆောင်လိုက်ရတော့ အရမ်းလည်းပျော်ပါတယ်။ ကျွန်တော်တို့ကို ငွေကြေးဆိုင်ရာအစ လူအင်အားရော အကုန်လုံးကူညီခဲ့ကြတာခင်ဗျ။ အစစအရာရာကူညီပေးခဲ့တဲ့ တပ်ရင်းမှူးတွေ၊ တပ်ခွဲမှူးတွေရော အားလုံးကိုလည်း ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်”ဟု CDM ဒုတပ်ကြပ် မြင့်မြတ်သူရ အောင်က မဇ္ဈိမကို ပြောသည်။

၂၀၁၇ ခုနစ်မှစ၍ လေကြောင်းဆေးပညာဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၂၇ နှစ်အရွယ် ဒုတပ်ကြပ် မြင့်မြတ်သူရအောင်မှာ ၂၀ ၂၁ ခုနစ် အောက်တိုဘာလ ၂၃ရက်တွင် CDM ပြုလုပ်ခဲ့သူဖြစ်သည်။

ထို့နောက် ကရင်နီပြည်သူ့ရင်ခွင်အဖွဲ့သို့ ၂၀၂၂ ခုနစ် ဇန်နဝါရီလတွင် ဆက်သွယ်လာကာ မေလ ၃ ရက်တွင်မှ ကရင်နီပြည်နယ်သို့ ရောက်ရှိလာခဲ့ကြောင်း ကိုမြင့်မြတ်သူရအောင်က ပြောပြသည်။

၎င်း၏ချစ်သူမိန်းကလေးမှာ အလုပ်သမားဝန်ကြီးဌာနမှ အငယ်တန်းစာရေး ဖြစ်သည်။

“ကျွန်တော်တို့ ဒီအဖွဲ့နဲ့စပြီး ဆက်သွယ်လိုက်တော့ သူတို့က လုံလုံခြုံခြုံနဲ့လာပြီး ခေါ်တယ်။ ကောင်းကောင်းမွန်မွန်ပဲ ဒီမှာထားတယ်။ လိုအပ်တဲ့အရာတွေကအစ အစစအရာရာကူညီပေးတယ်။ ကျွန်တော်တို့ကို CDM ဆိုပေမယ့် နှိမ်တာ ပြုတာမရှိဘူး။ ပြည်သူ့ဘက်က ရပ်တည်ပေးတယ်ဆိုပြီး သူတို့က ကျွန်တော်တို့ကို ပိုလေးလေးစာစားဆက်ဆံပြီး ကောင်းကောင်းမွန်မွန်ထားတယ်ဗျ။ ကျွန်တော်ကတော့ လောလောဆယ် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တွေကိုတော့ ဆေးဘက်ဆိုင်ရာ သူတို့ကို ပြန်ပြီးကူညီပေးနေပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါမင်္ဂလာပွဲအား လက်ရှိကာကွယ်ရေးတပ်ဖွဲ့ကခန့်အပ်ထားသည့် ကရင်နီပြည်နယ်ဝန်ကြီးချုပ်၊ ကရင်နီပြည်သူ့ရင်ခွင်အဖွဲ့သားများနှင့် K N DF ရဲဘော်ရဲဘက်များတက်ရောက်ဂုဏ်ပြုပေးခဲ့ကြပြီး စုစုပေါင်းအယောက် ၈၀ ခန့်တက်ရောက်ခဲ့ကြောင်း ၎င်းကပြောသည်။

ကရင်နီပြည်သူရင်ခွင်အဖွဲ့ကလည်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် “ကရင်နီပြည်သူ့ရင်ခွင်ခိုလှုံရေး အစီစဥ်မှ CDM ပြုလုပ်လာသော လေတပ်ဆေးဌာန ဒုတပ်ကြပ် မြင့်မြတ်သူရအောင်သည် တော်လှန်ရေးကာလတွင် KNDF တပ်ဖွဲ့အချို့၏ တော်လှန်ရေးသမားအချင်းချင်းအ ပေါ် ဖေးမကူညီမှုကြောင့် ကြီးကျယ်ခမ်းနားသောပွဲ မဟုတ်ခဲ့ပေမယ့် လှပတင့်တယ်သော လက်ထပ်ပွဲလေး ကျင်းပပေးခဲ့ပါသည်” ဟု ရေး သားထားပါသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s