တပ်က လက်နက်ကြီးသုံးသည့် ရေဦးတိုက်ပွဲတွင် ပကဖအဖွဲ့ဝင် ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့တောင်ဘက် ၅ မိုင်အကွာ မုန်တိုင်ပင်ရွာအနီး ယမန်နေ့(မေ ၁၀) တိုက်ပွဲတွင် သေဆုံးခဲ့သည့် တပ်ဖွဲ့ဝင်နှစ်ဦး၏ အ လောင်းများကို ယနေ့အထိ ကောက်ယူနိုင်ခြင်း မရှိသေးကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပြောသည်။ 

ရေဦးမြို့နယ်အရှေ့ခြမ်းတွင် တစ်ရွာပြီးတစ်ရွာ စစ်ကြောင်းထိုးလာသည့် စစ်သား ၇၀ ခန့်ကို မေ ၁၀ ၌ မုန်တိုင်ပင်ရွာအနီးအရောက် ဒေသခံအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုကေဂျီထံမှ သိရသည်။

“မူးရဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်း တိုက်တာ။ ကျွန်တော်တို့ မိုင်းဆွဲတာပေါ့ဗျာ။ သူတို့က ပြန်ပစ်တော့ ကျွန်တော်တို့က ပြန်ပစ်တယ်။ တိုက်ပွဲက တစ်နာရီလောက်တော့ ကြာတယ်၊ ကျွန်တော်တို့က မူးရဲ့ အရှေ့ဘက်မှာ စစ်သားတွေက မူးရဲ့ အနောက်ဘက်ကမ်းမှာ” ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ကိုကေဂျီက ပြောသည်။

စစ်တပ်က လက်နက်ကြီး အချက် ၃၀ ကျော် ပစ်ခတ်ခဲ့သည့် ထိုတိုက်ပွဲတွင် ပကဖအဖွဲ့ဝင် အသက် ၂၈ နှစ်အရွယ် ကိုအောင်အောင်နှင့် အ သက် ၂၅ နှစ်အရွယ် ကိုရှိုင်းတို့ သေဆုံးခဲ့ကြောင်း သိရသည်။

“သူတို့က ပစ်တဲ့အချိန်မှာ ကလေးတွေ နောက်အဆုတ်မှာ မှန်သွားတာ။ ကျွန်တော်တို့ အလောင်းသွားကောက်တဲ့အချိန် စက်ကလေးနဲ့ တရစပ် ရမ်းပစ်နေလို့ မကောက်နိုင်သေးဘူး” ဟု အထက်ပါအဖွဲ့ခေါင်းဆောင်က ဆိုသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများဘက်မှ အသေအဆုံးရှိနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

ဒေသခံပကဖအဖွဲ့များ နောက်ဆုတ်သွားပြီး စစ်သားများ မုန်တိုင်ပင်ရွာတွင် ဝင်ရောက်တပ်စွဲခဲ့ကာ ရွာကို မီးရှို့ကြကြောင်း သိရသည်။ 

ယနေ့တွင်လည်း ရုပ်အလောင်းကောက်ယူနိုင်ခြင်း မရှိသေးကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ခေါင်းဆောင် နောက်တစ်ဦးဖြစ်သည့် ကိုဘီလုံးက ပြောသည်။

“ကောက်လို့မရသေးဘူး၊ အနားကို ကပ်ကြည့်သေးတယ်။ ကျွန်တော်တို့ ရသလောက် ကြိုးစားကောက်ကြည့်သေးတယ်။ သေနတ်တွေနဲ့ တစ်ဖောင်းဖောင်းပစ်လို့ ပြန်ဆုတ်လာရတာ” ဟု ဆိုသည်။

မုန်တိုင်ပင်ရွာ၌ တပ်စွဲထားသော စစ်သားများက အနီးအနားရှိ အင်ပင်ရွာ၊ လှတောရွာ၊ စည်စုံရွာများကို ယနေ့ လှည့်လည်မီးရှို့နေပြီး မီးလောင်မှုအခြေအနေအတိအကျကို မသိရသေးကြောင်း ထိုသူက ပြောသည်။

စစ်တပ်အာဏာသိမ်းမှုကို လက်နက်ကိုင်ခုခံမှုပြင်းထန်သည့် ရေဦးမြို့နယ်တွင် စစ်တပ်က တစ်နှစ်ကျော်အတွင်း ရွာပေါင်း ၃၃ ရွာမှ နေအိမ် ၅၄၆ လုံးကို မီးရှို့ခဲ့ပြီး ၂၇၂ လုံးကို ရိုက်ချိုးဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းအချက်အလက် ကောက်ယူထားသည့် Taze News အဖွဲ့က ထုတ်ပြန်ထားသည်။ 

ရေဦးမြို့နယ်သည် အာဏာသိမ်းမှုကို အစောဆုံးလက်နက်ကိုင်တိုက်ခိုက်ခဲ့သည့် မြို့များထဲတွင် ပါဝင်ခဲ့ပြီး ပြီးခဲ့သည့်နှစ် ဧပြီ ၈ ရက်နေ့က ရေဦးမြို့နယ်တွင် ဆန္ဒပြသူ ၁၁ ဦးထိ စစ်သားများက ပစ်သတ်ခဲ့သောကြောင့် တူမီးသေနတ်များဖြင့် စတင်ခုခံခဲ့ကြခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကာလအတွင်း စစ်တပ်နှင့် လက်အောက်ခံအဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အလုံး ၁၄,၀၀၀ ကျော် ပျက်စီးခဲ့ရပြီး စစ်ကိုင်းတိုင်းမှ ၇,၅၀၀ ကျော်၊ မကွေးတိုင်းမှ ၂,၁၀၀ ကျော်နှင့် ချင်းပြည်နယ်မှ ၁,၁၀၀ ကျော်ဖြစ်ကြောင်း ထိုအချက် အလက်များကို စာရင်းပြုစုနေသည့် Data for Myanmar အဖွဲ့၏ ယခုလ ၁ ရက်နေ့ထုတ်ပြန်ချက်က ဆိုသည်။

ဗိုလ်ချုပ်ကြီးများက မီးရှို့မှုမှာ ၎င်းတို့၏လက်ချက်မဟုတ်ကြောင်း တုံ့ပြန်လေ့ရှိသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s