ထီရိကျေးရွာရှိ စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်နှင့် PNO တပ် ဖွဲ့များ အနီးဝန်းကျင် ကျေးရွာများသို့ ဝင်ရောက်စစ်ဆေး၊ တန်ဖိုးရှိ ပစ္စည်းများလုယူ၊ ဖယ်ခုံ စစ်ကောင်စီတပ်ရင်းမှ လက်နက်ကြီးများ ပစ်ခတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ထီရိကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် လက်ပါးစေ PNO ပြည်သူ့စစ်များ တပ်စွဲထားသော ဂိတ်စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ နံနက်တွင် တိုက်ခိုက်ရှင်းလင်းပြီးနောက် ယနေ့ မေလ ၁၃ ရက် နံနက်တွင် အကြမ်း ဖက်စစ်သားများနှင့် PNO တပ်ဖွဲ့ဝင်များသည် တောင်ပို့ကွဲကျေးရွာနှင့် ဟိုပန်ကျေးရွာများသို့ ဝင်ရောက်ကာ ပိုက်ဆံများနှင့် ဖုန်းအပါအဝင် တန်ဖိုးရှိ ပစ္စည်းများကို လုယူသွားကြောင်း သတင်းရရှိသည်။

“စစ်တပ်လည်း ပါတယ်၊ PNO အဖွဲ့လည်း ပါတယ်။ တောင်ပို့ကွဲ ဘုန်းကြီး ကျောင်းမှာ လူစုခိုင်းတယ်၊ ရွာသား တဦးဆီကနေ ဖုန်းနံ ပိုက်ဆံတွေ သိမ်းတယ်။စစ်သားတွေက အိမ်တွေကို တက်စစ်ဆေးမယ် ပြောတာပေါ့၊ တကယ်က ပစ္စည်းတွေကို ယူတာပါ” တောင်ပို့ကွဲဒေသခံ ၁ ဦးက ပြောဆိုသည်။

အလားတူ အိမ်ခြေ ၃၀ ခန့်သာ ရှိသည့် ဟိုပန်ကျေးရွာတွင်လည်း ရွာလယ်ခေါင်တွင် လူစုခိုင်းပြီး ရွာသားများ၏ နေအိမ်ပေါ်များတက်ရောက်ကာ ငွေနှင့် ပစ္စည်းများကို လုယူကြောင်းလည်း သိရှိရသည်။

“မနေ့က တိုက်ပွဲဖြစ်ပြီး ညနေပိုင်းလောက်မှာ စစ်သားတွေ ဖယ်ခုံဘက် (နမ်းတောင်း) ကနေ နမ့်တုပ်(တောင်ပို့ကွဲရွာအနီး) ကို စက်လှေနဲ့ ကူးလာတယ်။ အယောက် ၄၀ လောက် ရှိတယ်လို့ သိရတယ်။ ဒီ အရှေ့ဘက်ကမ်းမှာက PNO တွေရှိပြီးသား။ ဒီမနက် ဟိုပန်ရွာလေးကို စကစတွေ ဝင်တယ်။ ရွာသားတွေကို ရွာလယ်မှာ စုခိုင်းပြီး စကစက တချို့အိမ်တွေ တက်မွှေတယ်။ ပစ္စည်းတချို့ယူတယ်။ အဓိကက ဖုန်းနဲ့ ပိုက်ဆံ။ တောင်ပို့ကွဲကိုကျတော့ PNO က ဝင်တယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ လင်လန်တောင် ကျေးရွာအုပ်စုရှိ ထီရိကျေးရွာ၊ တောင်ပို့ကွဲကျေးရွာနှင့် ဟိုပန်ကျေးရွာများသည် PNO တပ်ဖွဲ့များက လွှမ်းမိုးထားပြီး ဒေသခံများမှာ ကြောက်လန့်သဖြင့် ဘာမှ ပြန်ပြောလေ့မရှိကြောင်း ဒေသသတင်းရင်းမြစ်တဦးက ပြောဆိုသည်။

ယမန်နေ့တွင် ထီရိကျေးရွာရှိ စစ်ကောင်စီစခန်း တိုက်ခိုက်ခံရပြီးနောက် ယနေ့နံနက်မှာစတင်ကာ ညောင်ရွှေဘက်မှ စစ်ကား ၅ စီးဖြင့်လည်း ကောင်း၊ မိုးဗြဲအင်း အနောက်ဘက်ကမ်းမှ PNO ပြည်သူ့စစ်တပ်ဖွဲ့များကလည်းကောင်း စစ်ကောင်စီဘက်မှ အင်အားများဖြည့်တင်းနေကြောင်း သတင်းရရှိပြီး မိုးဗြဲအင်း အရှေ့ဘက်ခြမ်း ဒေသများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရှိရသည်။

“ဒီနေ့ ဖယ်ခုံကနေ လက်နက်ကြီး ၅ လုံး၊ ၆ လုံးလောက် ထုတယ်၊ ၁၀၅ မမ လို့ ထင်တယ်။ နောက် PNO က လည်း ၆ လုံး လောက် ပစ်တယ်။ သူတို့က တဖက်သတ်ပစ်တာပါ၊ ကျနော်တို့ဘက်က ပြန်မပစ်သေးဘူး။ လက်နက်ကြီးကျည်တွေက ဆောင်နန်ခဲကျေးရွာနားမှာ ကျတယ်လို့ ပြောတယ်၊ လူထိခိုက်မှု ရှိ၊ မရှိ မသိရသေးဘူး” ဟု ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s