ထီရိစစ်တပ်စခန်းသိမ်းတိုက်ပွဲတွင် အရှင်ဖမ်း မိသည့် စစ်သား ၅ ဦးကို ကောင်းမွန်စွာထားပြီး စစ်ဆေးနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ထီရိကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်များ တပ်စွဲထားရာ ဂိတ်စခန်းကို ယမန်နေ့ မေလ ၁၂ ရက် နံနက်အစောပိုင်းတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အရှင်ဖမ်းမိသည့် ၅ ဦးကို ကောင်းမွန်စွာထားပြီး စစ်ဆေးနေကြောင်း ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ ထံမှ သိရှိရသည်။

ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲအင်းအရှေ့ဘက်ခြမ်းရှိ ထီရိစစ်ကောင်စီဂိတ်စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ နံနက် ၄ နာရီတွင် စ တင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်မှူးတစ်ဦး အပါအဝင် ၁၅ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲပြီးဆုံးပြီးနောက် အရှင်ဖမ်းမိသူ ၅ ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်း၊ ရှမ်း-ကရင်နီစစ်ရေးကော်မရှင်ထံအပ်နှံကာ ကောင်းမွန်စွာထားရှိပြီး စစ်ဆေးနေကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ က ထုတ်ပြန်ထားသည်။

အရှင်ဖမ်းမိသူများမှာ စစ်ကောင်စီတပ်သား ၂ ဦးနှင့် ပအိုဝ်းပြည်သူ့စစ် ၃ ဦး ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ထီရိစခန်း ဝင်ရောက်တိုက်ခိုက်ခံနေရစဉ် နံနက် ၆ နာရီကျော်ခန့်တွင် မိုးဗြဲအင်းအနောက်ဘက်ခြမ်းရှိ ဖယ်ခုံမြို့အခြေစိုက် စကခ ၇ လက်အောက်ခံ တပ်ရင်းများမှ လက်နက်ကြီး ပစ်ကူများ ပစ်ခတ်ကြောင်း၊ နံနက် ၇ နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီ၏ တိုက် လေယာဉ်များမှ လာရောက် ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ပစ်ကူများကြောင့် ပြည်သူ ထိခိုက်မှုရှိ၊ မရှိကို မသိရှိရသေးပေ။

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့များ၏ MA အမျိုးအစား သေနတ် ၁၁ လက်အပါအဝင်၊ လက်နက်ကြီး ၃ လက်၊ လက်နက်ကြီးကျည် များ၊ ကျည်ဆံများနှင့် စစ်အသုံးအဆောင်အများအပြားကို ကရင်နီပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်။

ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၃၊ တပ်ခွဲ ၂ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ထီရိစခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ဖယ်ခုံ PDF ၂ ဦး မစိုးရိမ်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s