ပုလဲမြို့ စစ်တပ် ခြေကုပ်ယူထားသည့်နေရာကို PDF များ ဝင်တိုက်

စစ်တပ်ခြေကုပ်ယူထားသည့်ရွာကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ ဝိုင်းဝန်းတိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ စခန်းကျလုနီးပါးအခြေအနေသို့ ရောက်ပြီးနောက် စစ်ကိုင်းတိုင်းအစွန် ပုလဲမြို့နယ်တွင် တိုက်ပွဲများဆက်ဖြစ်နေသည်ဟု သိရသည်။ 

ပုလဲနှင့် ယင်းမာပင်မြို့နယ် ထိစပ်ရာဖြစ်သော ဇီးဖြူကုန်းရွာကို ဗိုလ်နဂါးဦးဆောင်သော မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) က မေ ၁၀ တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

ယနေ့ (မေ ၁၂) တွင် သံချပ်ကာယာ​ဉ် ၄ စီး အပါအဝင် စစ်ကား ၁၀ စီးဖြင့် စစ်ကူလာသော စစ်ကောင်စီတပ်ကို ပုလဲမြို့အနောက်ဘက် ၆ မိုင်အကွာရှိ လက်ပုကန်ရွာအနီးတွင်း ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း MRDA ခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။ 

“သူတို့ဖြတ်သန်းရာလမ်းတစ်လျှောက်မှာ မိုင်းခွဲတာတွေ၊ ချောင်းမြောင်းပစ်ခတ်တာတွေ လုပ်နေတယ်။ ဒီနေ့လည်း တိုက်ပွဲဖြစ်နေတယ်။ လက်ပုကန်နဲ့ ပုလဲကြား မိုင်းဆွဲပြီးတော့ ပစ်ခတ်မှုတွေ ဖြစ်နေတာ” ဟု ၎င်းက ပြောသည်။

“ဒီဘက်ကတော့ ပြောက်ကျားဆိုတော့ ထိခိုက်မှုတော့ မရှိပါဘူး။ သူတို့ဘက်က ကျည်ကာတွေပါတယ်။ ထိခိုက်မှုက လုံးဝမရှိတာတော့ မဟုတ်ဘူး။ ရှိတယ်။ အဲဒါကြောင့်မို့လည်း ရမ်းသန်းပစ်ခတ်တာတွေ လုပ်သွားတယ်”

စစ်ကူလာသော စစ်ကောင်စီတပ်နှင့် ယနေ့ တိုက်ပွဲသုံးကြိမ်ဖြစ်သည်ဆိုသော်လည်း အသေးစိတ်အခြေအနေကို မသိရသေးပေ။ 

မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လာသော စစ်ကူယာဉ်တန်းကို နယ်မြေချင်း ထိစပ်နေသော ဆားလင်းကြီးမြို့နယ်အခြေစိုက် တော်ဝင်နဂါးအဖွဲ့ခွဲနှင့် တဇောက်ကန်းဘဂျမ်းအမည်ရ ပြောက်ကျားအဖွဲ့ ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းလည်း MRDA က ယနေ့ ထုတ်ပြန်သည်။

ထိုသို့ လမ်းခရီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် စစ်ကားတစ်စီး လုံးဝပျက်စီးသွားကာ အခြားသုံးစီးလည်း ထိခိုက်သည်ဟု ဆိုသည်။ 

လွန်ခဲ့သောနှစ်ရက်က ဆီးဖြူကုန်းရွာကို ဝင်ရောက်တိုက်ခိုက်စဉ် နံနက် ၁၁ နာရီမှ ညနေ ၇ နာရီခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်မှ ပျူစောထီးများအပါအဝင် ၂၀ ကျော် သေဆုံးသည်ဟုလည်း တော်ဝင်နဂါးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“တော်တော်ထိုးဖောက် ချဉ်းကပ်ပြီးတော့ အထဲထိ ကျွန်တော်တို့ရဲဘော်တွေ ဝင်ပြီးတော့ တိုက်နိုင်တယ်။ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေကို တဆင့်ချင်း သူတို့ဆုတ်ပေးထားခဲ့ရတယ်။ သေတဲ့ ကျတဲ့သူတွေကို ထမ်းပြီးတော့ တစ်ဆင့်ချင်းဆုတ်သွားပြီးတော့ ဗဟိုချက်ထဲ သူတို့စုပြီးပြေးရတဲ့ အနေအထားရောက်သွားတယ်” ဟု ဇီးဖြူကုန်းရွာတိုက်ပွဲနှင့် ပတ်သက်၍ ဗိုလ်နဂါးက ပြောသည်။

စစ်ကောင်စီတပ်က မွန်းလွဲ ၂ နာရီကျော်တွင် ရဟတ်ယာဉ်ဖြင့် မိနစ် ၄၀ ကြာ လာရောက်ပစ်ခတ်သည့်နည်းတူ ညနေ ၇ နာရီဝန်းကျင်တွင်လည်း နောက်တစ်ကြိမ် လာရောက်ပစ်ခတ်သည်ဟု သိရသည်။ 

“ကျွန်တော်တို့ကလေးတွေကလည်း လေကြောင်းပစ်နေတဲ့ ကြားထဲကနေ လုံးဝမဆုတ်ဘဲ ဒီခံတပ်ကို အကျတိုက်မယ်ဆိုပြီး တိုက်ကြတာ။ မိုးရွာလာပြီး မှောင်လွန်သွားတော့ သူ့လူကိုယ့်လူ ဘယ်လိုမှ မကွဲတော့ဘူး။ နှမြောမြောနဲ့ ပြန်ဆုတ်လာရတယ်” ဟု ဗိုလ်နဂါးက ပြောသည်။

“(ရွာ) အလယ်ချက်ထဲမှာ စုတဲ့အချိန်မှာ ရလုရခင်ဖြစ်နေပြီ။ ဘန်ကာအကြီးတစ်ခုပြိုရင် ရပြီ။ အဲဒီနား ကပ်တော့ ရဟတ်ယာဉ်က ရောက်လာပြီး တွယ်တော့တာ” 

ထိုဇီးဖြူကုန်းရွာတွင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်တပ်နှင့် ပျူစောထီးများက ကတုတ်ကျင်းအခိုင်အမာတူးပြီး အထိုင်ချတပ်စွဲထားကြောင်း၊ စစ်တပ်က ရွာအနီးဝန်းကျင်တစ်ဝိုက်တွင် နင်းမိုင်းများ၊ တိုက်မိုင်းများ တပ်ဆင်ထားသဖြင့် ဖြည်းဖြည်းချင်း ချဉ်းကပ်တိုက် ခိုက်ခဲ့ရကြောင်း ဗိုလ်နဂါးက ပြောသည်။

ဒေသခံတို့က ပျူစောထီးဟု ခေါ်သော ထိုအဖွဲ့မှာ စစ်ကောင်စီက ဒေသခံများကို လက်နက်တပ်ဆင်ပေးကာ ပြည်သူ့စစ်ဟု အမည်ပေးထားသော အဖွဲ့ဖြစ်သည်။  

ဇီးဖြူကုန်းရွာ စီးနင်းတိုက်ခိုက်မှုအတွင်း ၎င်းတို့တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရသည်ဟု MRDA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီက တိုက်ပွဲများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိပေ။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှု အရှိန်ပြင်းထန်နေပြီး စစ်ကောင်စီကို လမ်းပေါ်ထွက် ဆန့်ကျင်ကန့်ကွက်သူတချို့လည်း ရှိနေသည်။

လမ်းပေါ်ထွက်ပြီး ဆန္ဒပြသူများကို မုံရွာခရိုင်၊ ကလေးခရိုင်တို့တွင် တွေ့နိုင်သည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s