မြန်မာ့အရေးဖြေရှင်းရာတွင် အာဆီယံ အပါ အဝင် အခြား မိတ်ဖက်များနှင့် အနီးကပ် ပူး ပေါင်းဆောင်ရွက်မည်ဟု အမေရိကန်ဆို

မြန်မာ့အရေး ဖြေရှင်းရာတွင် အာဆီယံအပါဝင် အခြား မိတ်ဖက်များနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်မည်ဟု အမေရိကန် ဒုတိယ နိုင်ငံ ခြားရေးဝန်ကြီး ဝင်ဒီရှားမန်းက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် NUG ကိုယ်စားလှယ်များနှင့် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းတို့ ဝါရှင်တန်မြို့တော်တွင် ယမန်နေ့ မေ ၁၂ ရက်နေ့က တွေ့ဆုံစဥ် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
စစ်အာဏာရှင်၏ ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းမှုများကို ရင်ဆိုင် နေရသည့် မြန်မာပြည်သူများကို အမေရိကန်က ခိုင်ခိုင်မာမာ အားပေး ထောက်ခံကြောင်းနှင့် အားလုံး ပါဝင်နိုင်သည့် ဒီမိုကရေစီ လမ်းကြောင်းပေါ်ပြန်လည် ရောက်ရှိရေး ငြိမ်းချမ်းစွာ ဆောင်ရွက်နေကြသည့် သူများ အားလုံးကို ဆက်လက် အားပေးထောက်ခံသွားမည့် ကတိကဝတ်တို့ကို ဒုတိယနိုင်ငံခြားရေး ဝန်ကြီးက အလေးပေး ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ အကြပ်အတည်းကို တရားမျှတပြီး ငြိမ်းချမ်းစွာ အဖြေ ရှာနိုင်ကြရန် တွန်းအား ပေးရာတွင် အမေရိကန်က အာဆီယံနှင့် အခြားသော မိတ်ဖက်များနှင့်အတူ ဆက်လက်ပြီး အနီးကပ် ပူးပေါင်း ဆောင်ရွက်မည်ဟု ၎င်းက ဆိုသည်။
စစ်အာဏာရှင်က အကြမ်းဖက်မှုများကို တိုးမြှင့် လုပ်ဆောင်လာခြင်းနှင့်အတူ အကျိုးဆက်အဖြစ် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကြပ်အတည်း ဖြစ်ပေါ်လာရခြင်းကို ရှုတ်ချသည်ဟု အမေရိကန်က ဆိုသည်။
နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် လက်ရှိတွင် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေပြီး အခြား အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည် ဖြစ်သည်။ mizzima