မြိုင်မြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်က အများအပြား ထိခိုက်ကျဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မေ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်သား အယောက် ၃၀ လောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် PDF က ပြောပါတယ်။
မြိုင်မြို့နယ် ကိုင်းတောမဘက်ကနေ စစ်ကား ၇ စီး၊ ခြေလျင်အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို မြိုင် PDF က တဲကြီးရွာနဲ့ နယ်သတ်ရွာကြားမှာ မွန်းလွဲ ၂ နာရီလောက် မိုင်းအလုံးရေ ၁၀၀ အပြင် အထူးစီမံပြုလုပ်ထားတဲ့ မိုင်းတွေနဲ့ ဖောက် ခွဲတိုက်ခိုက်ခဲ့တာလို့ မြိုင် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
“ဒီကောင်တွေ စစ်ကြောင်ထိုးတဲ့ လမ်းတလျှောက်လုံး မိုင်းတွေထောင်ပြီး ကင်းပုန်းတွေချထားတာဗျ။ မိုင်းတချို့တစ်ဝက်ကို ဒီကောင်တွေ တွေ့ သွားပေမယ့် ကျနော်တိုေရဲ့ သတ်ကွင်းထဲကို ရောက်မလာသေးလို့ အဆုံးရှုံးခံလိုက်တယ်။ မိုင်းအလုံးရေ ၁၀၀ လောက် ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ပြီး အထူးစီမံထားတဲ့ မိုင်းနားလေးက ရေအိုးစဥ်မှာ အယောက် ၃၀ လောက် သတ်ကွင်းထဲဝင်လာလို့ ဖောက်ခွဲတိုက်ခိုက်လိုက်တာ။ အသားစတွေရော အလောင်းတွေရောပြန်ကြဲသွားပြီး ဒီကောင်တွေ အလောင်ကောက်နေတဲ့ အချိန်မှာ ကျနော်တို့ဘက်က မိုင်းထပ်ဆွဲလိုက်တော့ သေဆုံးသူ အရေတွက် ၃၀ လောက်ရှိပြီး အများအပြားဒဏ်ရာရရှိသွားကြတယ်။ ဒီကောင်တွေ ဖောကား ၂ စီးနဲ့ အသားစတွေ၊ အလောင်းတွေနဲ့ ဒဏ်ရာရတဲ့သူတွေကိုတင်ပြီး ကိုင်းတောမဘက်ကို ပြန်ထွက်သွားကြတယ်။ သွေးကွက်တွေတော့ အများကြီး ကျန်ခဲ့တယ်လို့ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲအတွင်းမှာ အထိနာတာကြောင့် ဘေးပတ်ဝန်းကျင်တွေကို ရမ်းသမ်းပစ်ခတ်ပေမယ့် မြိုင် PDF ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
ပြည်သူတွေအနေနဲ့လည်း သတင်းတွေကို အဆက်မပြတ်နားစွန့်ပြီး စစ်ကောင်စီတပ်သားတွေနဲ့ ဝေးတဲ့နေရာတွေကို ရှောင်ရှားကြဖို့ သတိပေးထားပါတယ်။
တဲကြီး ရွားသားတယောက်က “ကျနော်တို့ ရွာနားမှာ လက်နက်ကြီးပစ်သံတွေ၊ ပေါက်ကွဲသံတွေ အဆက်မပြတ်ကြားရတယ်ဗျ။ ၄ နာရီ ၅ နာ ရီ နီးပါးလောက်ကြာမယ်ထင်တယ် အပြန်အလှန်ပစ်ခတ်ကြတာ။ ကျနော်တို့လည်း စစ်ကောင်စီ စစ်ကြောင်းထိုးမယ်လို့ သတင်းကြိုရလို့ ဘေးလွတ်ရာတောထဲတွေကို ထွက်ပြေးနေကြရတာဗျ။ ညနေ ၆နာရီကျော်လောက်ကမှ ပစ်ခတ်သံတွေ ရပ်သွားပေမယ့်လည်း အခုအချိန်ထိ ရွာထဲကို ပြန်မဝင်ရဲကြသေးဘူး” လို့ ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား အယောက် ၃၀ သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြော ဆိုထားပေမယ့်လည်း ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ DVB