ဘုတလင်၊ မြို့ပေါ်ကျေးရွာမှ ကိုဇော်ဝင်းဆန်းကို စစ်တပ်က ပစ်သတ်ပြီး နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီး၊ ရွှေဘိုနှင့် ဝက်လက် အစပ်ရှိ ကျေးရွာ ၈ ရွာကိုလည်း စစ်တပ်က ဝင်စီးမီးရှို့နေ၍ ရွာလုံးကျွတ် ထွက်ပြေးရ

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် မြို့ပေါ်ရွာကို အကြမ်းဖက် စစ်တပ်က မေလ မေလ ၁၁ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာနေ ပြည်သူ ကိုဇော်ဝင်း ဆန်းကို စစ်တပ်က ပစ်ခတ်သတ်ခဲ့ကြောင်း ၊ ယနေ့နံနက်ပိုင်းတွင် ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်နှင့်အဆောက်အုံများကို မီးရှို့နေကြောင်း နယ်မြေခံ သတင်းရင်းမြစ် ကနီသားများ၏ ရင်တွင်းအသံ အဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို ယနေ့ မေလ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၃ဝမိနစ်ခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၃ လုံးနှင့် ကြက်သွန်ဂိုထောင်နှင့် လယ်ယာသုံး ပစ္စည်းများ မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။
မြို့ပေါ်ရွာသည် အိမ်ခြေ ၄၅ဝ ခန့်ရှိသော ကျေးရွာတစ်ရွာဖြစ်ကာ စစ်တပ်က ပြည်သူပိုင် နေအိမ်များနှင့် ပစ္စည်းများကို မီးရှို့ဖျက်ဆီးပြီးနောက် ကျေးရွာ အတွင်းမှ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း ရွှေဘိုနှင့် ဝက်လက် မြို့နယ် အစပ်ရှိ ကျေးရွာ ၈ ရွာကိုလည်း အကြမ်းဖက် စစ်တပ်က မေလ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် ဝင်ရောက် စီးနင်း မီးရှို့နေခြင်းကြောင်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် Shwebo Daily Newsထံမှ သိရသည်။
အကြမ်းဖက် စစ်တပ်သည် ရွှေဘိုနှင့် ဝက်လက် မြို့နယ် အစပ်ရှိ ကုလားမရွာ၊ လက်ကောက်ကျရွာ၊ မန်းကျည်းသုံးပင်ရွာ၊ ပုလဲသွယ်ရွာ၊ ခွေးတက်ကြီးရွာ၊ စခန်းသာရွာ၊ ရွာသစ်ကုန်းရွာ၊ သဲကျွန်းရွာ၊ ဂွေးပင်ကုန်းရွာများကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာ ၈ ရွာအနီးအနားရှိ ဟန်လင်းပျူမြို့ဟောင်း ငါးပိအိုးရွာ၊ ကံကြီးတောရာရွာ တကန်သာရွာ၊ ကြိုးကြာရွာ၊ ဇောက်ညမ်းကုန်းရွာများရှိ ပြည်သူများလည်း စစ်တပ်ကို ကြောက်လန့်၍ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။ khit thit