ကရင်နီပြည်အစပ် ပအိုဝ်းဒေသတွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများသည် ပအိုဝ်းနယ်မြေများကို ကျူးကျော်ခြင်းမဟုတ်ကြောင်း KSCC က PNO/PNLO ထံ အိပ်ဖွင့်ပေးစာ ပေးပို့


ကရင်နီပြည်နယ်နှင့် ကရင်နီပြည်အစပ် ပအိုဝ်း နယ်မြေများတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းအဖွဲ့များကြား တိုက်ပွဲများပြင်းထန်လျှက်ရှိနေပြီး ပအိုဝ်းလူမျိုးရေးနှင့် ပအိုဝ်းနယ်မြေရေးဆိုင်ရာများကို ကျူးကျော်လိုသည့် တိုက်ပွဲများ လုံးဝ (လုံးဝ) မဟုတ်ကြောင်း ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC က ပအိုဝ်းပြည်သူလူထုများ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ထံ ယနေ့ မေလ ၁၄ ရက် ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာ ပေးပို့လိုက်သည်။
မေလ ၁၂ ရက် နံနက်တွင် မိုးဗြဲအင်းအရှေ့ဘက်ကမ်း၊ ညောင်ရွှေမြို့နယ်၊ ထီရိကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် PNO တပ်ဖွဲ့များ တပ် စွဲထားသော ဂိတ်စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်မှ ဗိုလ်မှူးအဆင့် ၁ ဦး၊ စစ်သားများနှင့် PNO တပ် သားများ ၁၅ ဦး ခန့် သေဆုံးခဲ့ပြီး စစ်သား ၂ ဦးနှင့် PNO တပ်သား ၃ ဦးကို အရှင်ဖမ်းမိခဲ့သည်။
ဖမ်းဆီးရမိသော PNO တပ်သားများအပါအဝင် ၅ ဦးကို ကောင်းမွန်စွာဆေးကုသပေးထားပြီး ထိန်းသိမ်းထားကြောင်း ကရင်နီပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပအိုဝ်းလူမျိုးများအကြား ဝေဖန်မှုများ မြင့်တက်နေခဲ့သည်။
အဆိုပါတိုက်ပွဲများသည် အကြမ်းဖက်စစ်ကောင်စီ၏ မတရားမှုများကို တွန်းလှန်တိုက်ခိုက်ခြင်းနှင့် ကြားဖြတ်တိုက်ခိုက်သော စစ်ရေးလှုပ်ရှား မှုများသာဖြစ်ကြောင်း KSCC က ဆိုသည်။
ယနေ့ ထုတ်ပြန်သော အိတ်ဖွင့်ပေးစာတွင် KSCC အနေဖြင့် ပအိုဝ်းလူမျိုးနှင့် ပအိုဝ်းဒေသ၏ အုပ်ချုပ်ပိုင်ခွင့်ကို လေးစားအသိအမှတ်ပြုကြောင်း၊ လက်ရှိ စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ဖြစ်ပွားနေသောတိုက်ပွဲများသည် ပအိုဝ်းပြည်သူလူထုများအား ထိခိုက်နစ်နာစေလိုသည့် ဆန္ဒ လုံးဝ မရှိကြောင်း ဖော်ပြထားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များ တည်ရှိသောနေရာများမှ တတ်နိုင်သမျှ ရှောင်ရှားနေထိုင်ကြရန်၊ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ပူး တွဲလှုပ်ရှားခြင်း မပြုရန်၊ အကြမ်းဖက်စစ်တပ်က ကရင်နီပြည်အတွင်းသို့ အင်အားတိုးချဲ့မှုများကို ဟန့်တားရန် သို့မဟုတ် ရှောင်ရှားကြရန် စသည့် အချက် ၃ ချက်ဖြင့် ပအိုဝ်းအမျိုးသားများ၊ အသင်းအဖွဲ့များနှင့် ပြည်သူလူထုများကို KSCC က တိုက်တွန်းပန်ကြားထားသည်။
ကရင်နီပြည်ရှိ လူမျိုးပေါင်းစုံနှင့် ပအိုဝ်းလူထုနှင့် ဒေသခံအသီးသီးတို့ကြား ချစ်ခင်စည်းလုံးကြပြီး အပြန်အလှန်လေးစားရိုင်းပင်းကူညီမှုများဖြင့် အနာဂါတ်တွင် တန်းတူနိုင်ငံရေးအခွင့်အရေး ရရှိစေရန် မျှော်ကိုးလျှက် အိတ်ဖွင့်ပေးစာပေးပို့ရခြင်းဖြစ်ကြောင်း KSCC က ထုတ်ပြန်ထား သည်။
ဥက္ကဋ္ဌ အောင်ခမ်းထီက ဦးဆောင်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/PNA) သည် ၁၉၉၁ တွင် နဝတအစိုးရနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့ဖြစ်သည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ နယကအဖြစ် ဦးဆောင်သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) သည် ဦးသိန်းစိန်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့ဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖိတ်ခေါ်ထားသော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည်ဟုလည်း ပြောဆိုထားသည်။ khit thit