တောင်ဒဂုံမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးပေါက်ကွဲ၍ လာစစ်ဆေးသည့် စစ်ကောင်စီတပ် အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရ
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနေအ်ိမ် ဗုံးခွဲခံရမှုကို လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ် အဝေးထိန်းမိုင်းဖြင့် ထပ်မံတိုက်ခိုက်ခံခဲ့ရပြီး DC စစ်ကားတစ်စီး ပျက်စီးခဲ့ကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
တောင်ဒဂုံမြို့နယ်၊ ယုဇန ၂ လမ်းရှိ အမှတ် (၂၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစောသောင်း၏ နေအိမ်ကို Special Task Agency (STA) အဖွဲ့က ယမန်နေ့ မေလ ၁၃ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်တွင် လက်ပစ်ဗုံးနှစ်လုံးဖြင့် နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင် အဝေးထိန်း မိုင်းတစ်လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် တိုက်ခိုက်ခံရသည့် အုပ်ချုပ်ရေးမှူးနေအိမ်ကို လာရောက်စစ်ဆေးမှုများ ပြုလုပ်သည့် စစ်ကောင်စီတပ်၏ DC ကားတစ်စီးကိုလည်း နံနက် ၆ နာရီအချိန်တွင် STA အဖွဲ့က အဝေးထိန်းမိုင်း သုံးလုံးဖြင့် ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“မေလ ၁၃ ရက်နေ့ မနက်ပိုင်းက တောင်ဒဂုံ ၂၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးနေအိမ်ကို လက်ပစ်ဗုံးတွေရော အဝေးထိန်းမိုင်းတွေရောနဲ့ နှစ်ကြိမ်တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီနောက် လာရောက်စစ်ဆေးတဲ့ စစ်ကောင်စီတပ်ကားကိုပါ အဝေးထိန်းမိုင်း သုံးလုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ကားက ပျက်စီးသွားပါတယ်။ စစ်ကောင်စီတပ်သားတစ်ဦးလည်း ခြေထောက်မှာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်”ဟု STA အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ဗုံးပစ်တိုက်ခိုက်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူးနေအိမ် အရှေ့မျက်နှာစာတွင် ထိခိုက်မှုများ ရှိခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပေမယ့် ရပ်ကွက်အတွင်းရှိ ပြည်သူအချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း သိရသည်။
ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ခြင်း ခံခဲ့ရသည့် အမှတ် ၂၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစောသောင်းဆိုသူသည် စစ်တပ်သတင်းပေးအဖြစ် လုပ်ဆောင်နေသူဖြစ်ပြီး ဧည့်စာရင်းတိုင်ခြင်းနှင့် ထောက်ခံစာလာရောက်ပြုလုပ်သည့် ပြည်သူများကို ငွေကြေးတောင်းယူမှုများရှိကြောင်း သတင်းရရှိထားကာ ပြည်သူများ၏ တိုင်ကြားမှုတွေလည်း ရှိခြင်းကြောင့်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း STA တာဝန်ရှိသူက ဆိုသည်။
ပြီးခဲ့သည့် မေလ ၆ ရက်နေ့ကလည်း ၂၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစောသောင်း၏ သားဖြစ်သူ ကိုသန့်စင်ဦး (ခ) ခေါင်းဖြူနှင့် မြေးဖြစ်သူ မြင့်မြတ်ဟိန်းတို့ နှစ်ဦးကို အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ကြသူများကို စစ်ကောင်စီတပ်ထံ သတင်းပေးကာ ဖမ်းဆီးခိုင်းမှုများ ရှိခြင်းကြောင့် ဒဂုံတောင်မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် ဒို့ရိုးရာညီနောင်များအဖွဲ့တို့ ပူးပေါင်းကာ အမှတ် ၂၄ ရပ်ကွက် ကြာကန်အနီးတွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားခဲ့သည်။ mizzima