ပခုက္ကူတွင် ညမထွက်ရအမိန့် ၁ နာရီလျှော့၊ လူ ၅ ဦးထက် ပိုမစုရန် ကြေညာ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ညမထွက်ရအမိန့်ကို ည၈ နာရီသတ်မှတ်ထားရကနေ ည ၉ နာရီကနေ မနက် ၄ နာရီထိ သွားလာနိုင်ကြောင်း ပြောင်းလဲပြင်ဆင်ပြီး လူ ၅ ဦးထက် မစုရဘူးလို့ စစ်ကောင်စီက ဒီနေ့ မေ ၁၄ ရက်မှာ ကြေညာလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ခင်း ၂ နာရီလောက်က စစ်ကောင်စီတပ်က ကားနဲ့ အရှေ့မှာ အရပ်ဝတ် ၂ ယောက်၊ အနောက်မှာ ရဲ ၂ ယောက်နဲ့ မြို့ထဲလှည့်လည် ကြေညာသွားတာဖြစ်ပြီး လူ ၅ ဦး ထက် ပိုမစုရဘူးလို့လည်း ကြေညာသွားတယ်လို့ဆိုပါတယ်။
“လူ ၅ ဦး ထက် ပိုမစုရကြောင်းလည်း ပါပါတယ်။ သေချာမကြေညာပါဘူး။ ကားကို အမြန်မောင်း ကြေညာတာပါ။ ခုလိုပြောင်းလဲ ကြေညာလည်း ထူးတော့ မသွားပါဘူး။”လို့ ဒေသခံက ပြောပါတယ်။
ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီက အရင်ကတည်းက ည ၈ နာရီ မနက် ၄ ညမထွက်ရ အမိန့်ကြေညာထားတာဖြစ်ပြီး ညဘက်ထွက်သူတွေ ပတ်ကင်းနဲ့ကြုံတဲ့အခါ ဖမ်းဆီးတာမျိုးရှိပြီး လူငယ်ယောကျာ်းလေးတွေဆိုရင် အမေးအမြန်းမရှိ ဖမ်းဆီးတာရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မြိုင်လမ်း၊ ပေါက်လမ်းနဲ့ လမ်းဘေးစျေးသည်တွေက ညပိုင်းအထိရောင်းကြတာဖြစ်လို့ အခုလို အချိန် တစ်နာရီ နောက်ဆုတ်သွားတာလည်း သူတို့အတွက် အသက်ရှူချောင်သွားတယ်လို့ သိရပြီး အရင်ကဆို ရောင်းကုန်ကုန် မကုန်ကုန်ဆိုင်စောစောပိတ်ကြရတာလို့ ဆိုပါတယ်။ DVB