ယင်းမာပင် တရော်ကျင်း ကျေးရွာအနီးတိုက်ပွဲ စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံး
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်အစပ် မုံရွာ-ယာကြီး လမ်းဘေးရှိ တရော်ကျင်းကျေးရွာအနီးတွင် ယနေ့ မေလ ၁၃ ရက်နေ့ ညနေ ၃ နာရီက စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးအထက် သေဆုံးနိုင်ပြီး ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဘက်မှ နှစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) ၏ လက်ဖြောင့် စနိုက်ပါ ကိုဘဲကြီး ထံက သိရသည်။
” အခြေနေတင်းမာနေတာကတော့ ဒီနေ့ မနက်ကတည်းကပါ။ တရော်ကျင်း တောင်ပေါ်ကနေ့ ရှေ့ပွိုင့်အနေနဲ့ ခြေကုပ် ယူထားနိုင်လိုက်တာက အားသာချက် တစ်ခုဖြစ်သွားတယ်ဗျ။ စစ်ကောင်စီ တပ်အင်အား ၁၀၀ ကျော်အထက်မှာ ရှိပါတယ်။ ဒီကောင်တွေက စစ်ကြောင်း နှစ် ကြောင်းခွဲပြီး ဆင်းလာကြတာ။ စနိုက်ပါ လက်ချက်နဲ့ ခွေး(စစ်ကောင်စီ တပ်သား) ငါးကောင်အတိအကျ သေပါတယ်။ နှစ်ယောက်ကတော့ ပေါင်ထိသွားပြီး တရွတ်တိုက်ဆွဲခေါ်သွားတာကို မြင်လိုက်ရတယ်” ဟု KLG PDF မှ လက်ဖြောင့် စနိုက်ပါ ကိုဘဲကြီးက မဇ္ဈိမကို ပြောသည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ကို ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) ၊ နဂါးညီနောင်အထူးတပ်ဖွဲ့ (DBTF) ၊ ဒေါင်းမင်းဝံပုလွေတပ်ခွဲ ၊ ဗိုလ်သူရိန်တပ်ရင်း ၊ ကိုထွဋ် ခေါင် ဦးဆောင်သည့်အဖွဲ့နှင့် ဒေသတွင်းမဟာမိတ်များအဖွဲ့ တို့က ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။
ညောင်ငုတ်တိုအနီးမှ ပွိုင့်တာဝန် ယူထားသည့် ဒေါင်းမင်း တပ်ခွဲက မိုင်းကွင်းအတွင်းသို့ ဝင်လာသည့် စစ်ကောင်စီ တပ်သားများကို ပဒေသာမိုင်း ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၁၀ဦး အထက်သေဆုံးနိုင်သည်ဟု ဒေါင်းမင်း အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ယင်းတိုက်ပွဲ တွင် ရှေ့ပွိုင့်အဖြင့် ဦးဆောင်ပါဝင်ခဲ့သည့် ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) အနေဖြင့် အရေးပေါ် ကျည် ဆန်လုံး၀ ပြတ်လပ် နေကြောင်း KLG PDF ၏ နာယကဆရာတော်က မိန့်သည်။ mizzima