၀စီပိတ်ဆရာတော် မွေးနေ့ပွဲတက်ရန် စစ်ခေါင်းဆောင် ကျိုင်းတုံမြို့ကိုရောက်ရှိ

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သူကိုးကွယ်သော ဝစီပိတ်ဆရာတော် ဥူးကောဝိဒ၏ အသက် ၆၅ နှစ်ပြည့် ဝိဇာတပူဇာမွေးနေ့ပွဲကိုတက်ရောက်ရန် ကျိုင်းတုံမြို့သို့ရောက်ရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်များက မဇ္ဈိမသို့ပြောသည်။
ဆရာတော်၏ကျောင်းတိုက်ဖြစ်သောရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းရွာရှိ သီလဓမ္မကုန်းသာ တောရကျောင်းတိုက်တွင် မွေးနေ့ပွဲကို စနေနေ့ မေလ ၁၄ ရက်နေ့တွင် ကျင်းပမှာဖြစ်သည်။
သောကြာနေ့နေ့လယ်က လုံခြုံရေးထူထဲစွာချထားချိန်တွင် ဖြတ်သွားသည့် ယာဉ်တန်းတွင် စစ်ခေါင်းဆောင်နှင့် သူ၏ဇနီး ဒေါ်ကြူကြူလှလည်း လိုက်ပါသွားခဲ့သည်ဟု သိရသည်။
တြိဂံတိုင်းစစ်ဌာနချုပ် စစ်တိုင်းမှူးလုပ်ခဲ့ဖူးသော အာဏာသိမ်းခေါင်းဆောင်သည် ဝစီပိတ်ဆရာတော်မွေးနေ့ကို နှစ်စဉ်တက်ရောက်လေ့ရှိသည်။ mizzima