ကဆုန်လပြည့်နေ့တွင် မန္တလေးမြို့၏ ဘုရားပုထိုးစေတီနှင့် အပန်းဖြေနေရာအချို့၌ အ ထိုက်အလျောက် စည်ကား

ယနေ့ ကဆုန်လပြည့်နေ့တွင် မန္တလေးမြို့၏ အထင်ကရ ဘုရားပုထိုးစေတီနှင့် အပန်းဖြေနေရာအချို့၌ ဘုရားဖူးအလည်အပတ်ပြုကြသူများဖြင့် အထိုက်အလျောက်စည်ကားခဲ့ကြောင်း သိရသည်။
နံနက်လင်းပိုင်းမှစ၍ ဘုရားကြီး၊ မန္တလေးတောင်နှင့် ကုသိုလ်တော်ဘုရားသို့ ဘုရားဖူး၀င်ရောက်သူများ ရှိခဲ့ပြီး ဦးပိန်တံတား၊ မြို့တော်ဥယျာဉ်နှင့် ရဲရွာရေအားလျှပ်စစ်စီမံကိန်းသွားလမ်းဘေးတစ်လျှောက်ရှိ အပန်းဖြေစခန်းများတွင် လူစည်ကားခဲ့ကြောင်းသိရသည်။
မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီ၏ သံဃာတစ်သောင်းကျော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ လည်း ကျုံးဘေးပတ်လည်တစ် လျှောက်ပြုလုပ်ခဲ့ပြီး အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ဝါဒဖြန့်မီဒီယာများက ဖော်ပြကြသည်။
ဘုရားဖူးအပန်းဖြေခရီးသွားလာလည်ပတ်သူ အထိုက်အလျောက်ရှိခဲ့သော်လည်း နှစ်စဉ် စည်ကားသိုက် မြိုက်စွာကျင်းပလေ့ရှိသည့် မင်းတုန်းမင်းကောင်းမှုတော် ဗောဓိညောင်ပင် ညောင်ရေသွန်းပွဲတော်ကြီးမှာ ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
“အရင်က ပွဲစျေးတွေနဲ့တစ်နေကုန်ကျင်းပတဲ့ ညောင်ရေးသွန်းပွဲတော်ကြီးက ဒီနှစ် ညောင်ရေသွန်းမယ့်သူ မရှိသလောက်ပဲ။ ပွဲလည်းမလုပ်ဘူး၊ အသွားအလာလည်း လုံး၀မရှိသလောက်ပဲ။ လူ လေး ငါး ဆယ် ယောက်လောက်ပဲ တစ်သုတ်စီ တစ်သုတ်စီ လာကြတာတွေ့ရတယ်” ဟု ဗောဓိညောင်ပင်ရှိရာ မဟာ အောင်မြေမြို့နယ် ဗောဓိကုန်းရပ်ကွက်မှ မဇ္စျိမ၏ သတင်းရင်းမြစ်ကပြောသည်။ mizzima